နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ဆောင်းသီးနှံများနှင့် ဆက်လက်စိုက်ပျိုးမည့်နွေသီးနှံများအောင်မြင်ရေးတွေ့ဆုံဆွေးနွေး

ကျောက်ဆည် ဖေဖော်ဝါရီ  ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးမင်းသည် ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များနှင့်တံတားဦး မြို့နယ်များတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအစီအစဉ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဆောင်းဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ သီးနှံများ အထွက်နှုန်းတိုးတက်စေရေး အလေးထား ကွင်းဆင်းဆောင်ရွက်ကြရန်၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် သီးနှံစိုက်ဧကများပြည့်မီရေးနှင့် တစ်ဧကအထွက်နှုန်းတိုးတက်စေရေး နည်းလမ်းများကို ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများနှင့်တွေ့ဆုံဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီးတိုင်းဒေသကြီးဦးစီးမှူးမှ နွေသီးနှံများတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (တိုင်းဒေသကြီးအစီအစဉ်)ဖြင့်  ဆောင်ရွက်မည့် နွေစပါး၊ နွေနှမ်း၊ မိုးကြိုဝါ၊ မိုးကြိုပဲတီစိမ်းနှင့် မိုးကြို နေကြာ (၄၉၀၀)ဧကအတွက် အထွက်နှုန်းကောင်းမွန်ပြီး တောင်သူများလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်း၍ စံပြကွက်အသွင်ဆောင်ရွက်ကြရန်၊ အထွက်နှုန်းတိုးတက်ရေးအတွက် ကြိုတင်စီစဉ်ထားကြရန်နှင့် သစ်စိမ်းမြေဩဇာများတိုးချဲ့စိုက်ပျိုးရန် စိုက်ပျိုးရေးပညာရှင်ဝန်ထမ်းများမှ တောင်သူများနှင့်ပူးပေါင်းပြီး စိုက်ပျိုးရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဟန်ချက်ညီညီ ဆောင်ရွက်ကြရန် ရှင်လင်းဆွေးနွေးခဲ့ရာကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနများမှ ဦးစီးမှူးများက မြို့နယ်များအလိုက် စိုက်ပျိုးထားရှိသော ဆောင်းရာသီဆီထွက်သီးနှံမျိုးစုံနှင့် နွေရာသီတွင် စိုက်ပျိုးသွားမည့် နွေသီးနှံများအကြောင်း အသီးသီးတင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)