ဒဂုံတောင် ဖေဖော်ဝါရီ ၃
တိုးတက်လာသောခေတ်စနစ်နှင့်အညီ လူတို့၏နေထိုင်မှုစနစ်သည်လည်း တိုးတက်လာကာ အထပ်မြင့်အဆောက်အဦများကို တိုးချဲ့တည်ဆောက်လျက်ရှိရာ တည်ဆောက်ထားသော အထပ်မြင့်အဆောက်အဦများ မီးဘေးလုံခြုံရေးအတွက် အရေးပေါ်လွတ်မြောက်မှုဆိုင်ရာ ဆောင်ရွက်ထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမြင့်သူ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၁၀နာရီ ၃၀မိနစ်မှ ၁၂နာရီထိ ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၅၃ ရပ်ကွက် ဇေယျာမြိုင်လမ်းရှိ Galaxy ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ၆၆ ရပ်ကွက် ပြည်တော်သာလမ်းရှိ အထပ်မြင့်အဆောက်အဦများအား စစ်ဆေးရာ လိုက်နာဆောင်ရွက်ရမည့် မီးဘေးလုံခြုံရေးနှင့် အရေးပေါ်လွတ်မြောက်မှုဆိုင်ရာ အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိသည့် အဆောက်အဦများ ရှိသကဲ့သို့ လိုက်နာဆောင်ရွက်ရန် အားနည်းသည့် အဆောက်အဦများလည်း ရှိသောကြောင့် မီးဘေးနှင့် သဘာဝဘေးအန္တရာယ်တို့ ဖြစ်ပေါ်လာပါက အဆောက်အဦအမျိုးအစားအလိုက် မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် အဆောက်အဦတစ်လုံးချင်းစီ၏ အချက်အလက်များရယူရန် ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ပွင့်လင်းရာသီကူးပြောင်း ရောက်ရှိလာသဖြင့် မြို့နယ်အတွင်းနေထိုင်သူပြည်သူများ၏ မီးဘေးအန္တရယ်လုံခြုံစေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများ၊ မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြ အသိပညာပေးဟောပြောခြင်းများ၊ တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သန်းသန်းအေး