သာကေတမြို့နယ်တွင် အခြေခံရိုးရာခြင်းသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

သာကေတ ဖေဖော်ဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ရိုးရာခြင်းဆပ်ကော်မတီတို့ပူးပေါင်း၍ ဖွင့်လှစ်သည့် အခြေခံရိုးရာခြင်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)နာရီ၌ အမှတ်(၃၉)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးမင်းဆွေဦး အရှေ့ပိုင်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲကျော်သူနှင့် တာဝန်ရှိသူများက တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မူလတန်းအဆင့် အခြေခံရိုးရာခြင်းသင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများမှသင်ယူခဲ့သည့် ရိုးရာခြင်းပညာများဖြင့် သရုပ်ပြသပေးခဲ့သည်။ ထို့နောက် အရှေ့ပိုင်းခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲကျော်သူက သင်တန်းနည်းပြဦးအေးလွင်အား သင်တန်းနည်းပြစရိတ်အား ချီးမြှင့်ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးခြင်းလုံးဆပ်ကော်မတီဒု-ဥက္ကဋ္ဌ  ဦးသူရိန်မင်းက ကျောင်းအခြေပြု ရိုးရာခြင်းသင်တန်းများဖွင့်လှစ်နိုင်ရေးအတွက် ခြင်းလုံးများလှူဒါန်းခဲ့ရာ တာဝန်ရှိသူမှ လက်ခံရယူပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

လူငယ်လူရွယ်များဗလငါးတန်းဖွံ့ဖြိုးစေရေးအတွက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ရိုးရာခြင်းဆပ်ဆပ်ကော်မတီတို့ ဖွင့်လှစ်သည့် အခြေခံရိုးရာခြင်းသင်တန်းအား မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ (၇၀)ဦးဖြင့် ဒီဇင်ဘာလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၃)ရက်နေ့အထိ သင်တန်းနည်းပြဦးအေးလွင်မှ  သင်ကြားပို့ချခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)