မြောက်ဥက္ကလာပ ဖေဖော်ဝါရီ ၄
ယနေ့ခေတ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီက အ.လ.က(၅)ကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြမြဝင်းက “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဥ်ဖြင့် ဟောပြောရာတွင် လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ စိတ္တဗလနှင့် ဘောဂဗလဟူသည့် ဗလငါးတန်နှင့်ပြည့်စုံရန် လိုအပ်ကြောင်း၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများကို ဖတ်ရှုရန်လိုအပ်ကြောင်း၊ သုတစာပေနှင့် ရသစာပေများကို သိရှိထားရန်လိုအပ်ကြောင်း၊ မြို့နယ်အားကစားမှူး ဦးအောင်နိုင်ဦးက “လူငယ်နှင့်အားကစား”ခေါင်းစဥ်ဖြင့် ဟောပြောရာတွင် အားကစားပြုလုပ်ခြင်းကြောင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများအကြောင်း၊ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းမှ ဆရာမဒေါ်ဝင်းဝင်းမော်က အားကစားနည်း(၄၆)မျိုးအကြောင်း ဟောပြောခဲ့ပြီး အ.လ.က(၅)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုမွန်ဝင်းက “လူငယ်နှင့်ပညာရေး” ခေါင်းစဥ်ဖြင့် အသီးသီးဟောပြာခဲ့သည်။
ထို့နောက် ဟောပြောပွဲတက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူလေးများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အမျိုးသမီးများ သိထားသင့်သည့် မှုခင်းကာကွယ်ရေးအသိပညာပေး၊ လူကုန်ကူးမှုအသိပညာပေး၊ ကလေးလုပ်သားပပျောက်ရေး အသိပညာပေး စသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)