(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (တတိယအကြိမ်) မြန်မာ့နွားသိုးမျိုးအလှ၊ နို့စားနွား၊ အသားတိုးနွားနှင့် ဆိတ်မျိုးအလှပြပွဲ ပြိုင်ပွဲကျင်းပ

ရန်ကုန်  ဖေဖော်ဝါရီ  ၄

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကျင်းပသော တတိယအကြိမ် မြန်မာ့နွားသိုးမျိုးအလှ၊ နို့စားနွား၊ အသားတိုးနွားနှင့် ဆိတ်မျိုးအလှပြပွဲ၊ ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင် ဝက်မွေးမြူရေးခြံရှေ့ ကွင်းပြင်တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြပွဲ၊ ပြိုင်ပွဲကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။ ထို့နောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က အမှာစကား ပြောကြားသည်။

ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် မွေးမြူရေးလုပ်ငန်းရှင်များ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ‌မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အရည်အသွေးမြင့်ပြီး ထုတ်လုပ်မှုကောင်းမွန်သော မျိုးကောင်းမျိုးသန့်များဖြစ်သည့် ဒေသနွား၊ နို့စားနွားနှင့်ဆိတ်မျိုးများအား မွေးမြူရေးသမားများအချင်းချင်း အပြန်အလှန်ဆက်သွယ်မှုကွန်ရက် ကျယ်ပြန့်လာစေခြင်းကြောင့် မွေးမြူရေးနည်းပညာများ ဖလှယ်နိုင်ပြီး စနစ်တကျ မွေးမြူထားမှု၏ အကျိုးကျေးဇူးကို ခံစားရရှိစေနိုင်ကာ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မွေးမြူရေးလုပ်ငန်းများမှ အသား၊ ဥနှင့်နို့များ ရရှိနိုင်ရေးအတွက် အဓိကရည်ရွယ်၍ မြန်မာနွားသိုးမျိုးအလှ၊ နို့စားနွား၊ သိုးနှင့်ဆိတ်မျိုးအလှပြပွဲပြိုင်ပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် မြို့နယ်(၁၅)မြို့နယ်မှ ပါဝင်ယှဉ်ပြိုင်ကြပြီးပြိုင်ပွဲ အမျိုးအစား(၇)မျိုးဖြစ်ပြီး ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုများအပြင် နှစ်သိမ့်ဆုများကိုပါ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် အရည်အသွေးမြင့်ပြီး ထုတ်လုပ်မှုကောင်းမွန်သော တိရစ္ဆာန်များကို မွေးမြူကြစေလိုကြောင်း၊ မွေးမြူရေးတတ်ကျွမ်းနားလည်သည့် ပညာရှင်များ၏ လမ်းညွှန်မှုနှင့် ရောဂါကင်းပြီး ထုတ်လုပ်မှုကောင်းအောင် ကြိုးစားလုပ်ဆောင်စေလိုကြောင်း၊ ပြည်တွင်းမှာ ထုတ်လုပ်မှု အားကောင်းရင် မိမိတို့ ပြည်သူပြည်သားတွေအတွက် စိတ်ချရသော သန့်ရှင်းပြီး အာဟာရပြည့်ဝသည့် အသား၊ နို့နှင့် ဥတို့ကို ဈေးနှုန်း ချိုသာစွာဖြင့် ပေါပေါများများ ဝယ်ယူရရှိစေမှာဖြစ်ကြောင်းနှင့် မွေးမြူသူများလည်း ဝင်ငွေပိုမိုရရှိလာပြီး လူမှုစီးပွားဘဝ မြင့်မားလာမည်ဖြစ်သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိရစ္ဆာန်များအတွက် အာဟာရဖြစ်စေသည့် ဆေးများ၊ ဖြည့်စွက်အစာများ၊ တိရစ္ဆာန်များမှ ထွက်ရှိ‌သည့် နို့နှင့်နို့ထွက်ပစ္စည်းပြခန်းများနှင့် ပြိုင်ပွဲဝင် တိရစ္ဆာန်များအား လှည့်လည်ကြည့်ရှုခဲ့‌ကြောင်းသိရသည်။

အောင်မြင့်(ပြန်/ဆက်)