ချမ်းအေးသာစံ ဖေဖော်ဝါရီ ၄
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဖေဖော်ဝါရီ (၃)ရက် နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီးအတွင်းအပြင်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်ပေးပြီး အာဟာရဖြည့်စွက်စာများ ပေးဝေခဲ့သည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ချုံနွယ်၊ ပေါင်းမြက်များ၊ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းနေမှု၊ ရေစီးရေလာကောင်းမွန်စေရေး အမှိုက်သရိုက်မြောင်းစာများ ဆယ်ယူရှင်းလင်းနေမှုများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် စက်ယန္တရားတို့ဖြင့် တက်ညီလက်ညီဆောင်ရွက်ခဲ့ကြကြောင်းနှင့် တိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၊ ဘုန်းကြီးကျောင်းများ၊ ဆေးရုံများ၊ အခြေခံပညာစာသင်ကျောင်းများ၊ တက္ကသိုလ်များ၌ သန့်ရှင်းသာယာလှပရေးတို့အတွက် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ထွန်းထွန်းနိုင်