မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အကြိမ်(၂၀)မြောက် မန္တလေးမြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲဖွင့်ပွဲအား လိုက်လံကြည့်ရှု

ချမ်းအေးသာစံ ဖေဖော်ဝါရီ ၄

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီ အကြိမ်(၂၀)မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမံပြပွဲ၊ ပြိုင်ပွဲဖွင့်ပွဲအား မန္တလေးကျုံးနှင့် နန်းမြို့ရိုးကြား၊ ရတနာပုံဥယျာဉ်အတွင်း ၁၂လမ်းနှင့် လမ်း ၈၀ ကြားနေရာ၌ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

ဖေဖော်ဝါရီ(၃)ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး မန္တလေးမြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမံပြပွဲ၊ ပြိုင်ပွဲကျင်းပမည့် နေရာသို့ရောက်ရှိပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ပြပွဲ၊ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ ပြခန်းများနှင့် ဆိုင်ခန်းများနေရာချထားပေးမှု၊ ပန်းအလှများပုံဖော်စိုက်ပျိုးထားမှုများအား လိုက်ပါရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လာရောက်ကြည့်ရှုသူများအား စိတ်ကြည်နူးမှုရရှိပြီး မျက်စိပသာဒဖြစ်စေရေး၊ ဆန်းသစ်သည့်ဒီဇိုင်းပုံစံ၊ အရောင်အသွေးစုံညီမှုများဖြင့် ဆောင်ရွက်သွားရေး၊ လုပ်ငန်းများအချိန်မီပြီးစီးရေးနှင့် စနစ်တကျဖြစ်စေရေးတို့ကို မှာကြားပြီး လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်ပေးခဲ့သည်။ 

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အကြိမ်(၂၀)မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမံပြပွဲ၊ ပြိုင်ပွဲကို မြို့တော်စိမ်းလန်းစို ပြည်သာယာလှပရေးလုပ်ငန်းများအတွက် ပြည်သူလူထုစိတ်ပါဝင်စားလာစေရန်နှင့် ပါဝင်ပူးပေါင်းဆောင်ရွက်လာစေရန်၊ အိမ်တိုင်းအိမ်တိုင်း စိမ်းလန်းစိုပြည်ရေးဆောင်ရွက်ခြင်းဖြင့် မန္တလေးမြို့တော်အား ဥယျာဉ်မြို့တော်အဖြစ် တည်ဆောက်ထိန်းသိမ်းရာ၌ အထောက်အကူဖြစ်စေရန်၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် အဆင့်မြင့်စိုက်ပျိုးနည်းပညာများ ဖလှယ်နိုင်စေရန်နှင့် မျိုးကောင်းမျိုးသန့်များ ပြန့်ပွားလာစေရန်၊ အိမ်တိုင်းအိမ်တိုင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းမှသည် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖေဖော်ဝါရီ (၉)ရက်နေ့မှ ဖေဖော်ဝါရီ(၁၁)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အပင်အရောင်းဆိုင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME)ပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများ၊ စားသောက်ဆိုင်များ ပါဝင်မည်ဖြစ်ကြောင်း၊ မန်းစည်ပင်ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်တွဲဖက်၍ မြူးကြွသည့် DJ တီးခတ်မှုများဖြင့် ဧည့်ခံဖျော်ဖြေသွားမည်ဖြစ်ပြီး ပျိုးပင်များအခမဲ့ပေးဝေသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထွန်းထွန်းနိုင်