ကျောက်ဆည် ဖေဖော်ဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံ (အင်းကုန်း) အစည်းအဝေးခမ်းမတွင် ယနေ့နံနက် (၁၀) နာရီက အင်ဂျင်ပါဝါသုံး (၆) တန်းသွားလက်ဆွဲကောက်စိုက်စက် ထုတ်လုပ်မည့် နည်းပညာများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
နည်းပညာလွဲပြောင်း ပေးအပ်ပွဲအခမ်းအနားတွင် စက်မှုလယ်ယာဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ခင်နှင့် တာဝန်ရှိသူများက မြန်မာ့လယ်ယာသုံးစက်ကိရိယာ စက်ရုံ (အင်းကုန်း) ကျောက်ဆည်မှ သုတေသနပြုလုပ်ထုတ်လုပ်မည့် အင်ဂျင်ပါဝါသုံး (၆) တန်းသွား လက်ဆွဲကောက်စိုက် စက်၏စက်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများနှင့် အလုပ်လုပ်ပုံအဆင့်ဆင့်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းရှင်အစုအဖွဲ့ဝင်များအား နည်းပညာများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပြီး မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတိုးမင်း၊ မန္တလေးတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးမှူး ဦးဆန်းအောင်၊ မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံ (အင်းကုန်း) မှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး စက်မှုဇုံမှ လယ်ယာသုံး စက်ကိရိယာများ ထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းရှင် အစုအဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြောင်းသိရှိရသည်။
အဆိုပါ မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံ (အင်းကုန်း) ကျောက်ဆည်မှ သုတေသနပြု ထုတ်လုပ်ထားသော အင်ဂျင်ပါဝါသုံး (၆) တန်းသွား လက်ဆွဲကောက်စိုက်စက်သည် တန်းကြားအကွာအဝေး (၂၃၀) မီလီမီတာ၊ ပင်ကြားအကွာအဝေး (၁၀၀မီလီမီတာမှ ၁၈၀မီလီမီတာ)၊ စိုက်တန်းအရေအတွက် (၆) တန်း အသုံးပြုအင်ဂျင် (၁.၅) ကီလိုဝပ်၊ အလေးချိန် (၆၅) ကီလိုဂရမ်၊ တစ်ဧကကြာချိန် (၁ နာရီ ၄၅ မိနစ်မှ ၂ နာရီအထိ)၊ ထုတ်လုပ်မှု ကုန်ကျစရိတ် ငွေကျပ် (၂၅) သိန်းဖြစ်ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)