တာမွေ ဖေဖော်ဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) တို့ ပူးေပါင်းစီစဉ်ကျင်းပသော ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပို့ချပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)မှ ကျောင်းအုပ်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာများနှင့် ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၏ ဧည့်ပါမောက္ခနှင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ၏ နည်းပညာ အတိုင်ပင်ခံပုဂ္ဂိုလ် ပါမောက္ခကိုကိုအောင်က Analysis of Road Accident Lecture အား အသေးစိတ် ဆွေးနွေးပို့ချပေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်(ရန်ကုန်)မှ ကျောင်းအုပ်ကြီး ဦးထိန်လင်းက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာများ ဟောပြောဆွေးနွေးပို့ချပေးခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့သည်။
“ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီရဲ့ လမ်းညွှန်ချက်အရ ၂၀၂၂-ခုနှစ်မှာ တက္ကသိုလ်/ဒီဂရီကောလိပ်အဆင့် ကျောင်းပေါင်း(၄၀)ကျော်မှာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဟောပြောပွဲတွေကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ၂၀၂၃-ခုနှစ်မှာတော့ ကျောင်းပေါင်း(၃၀)ကျော်နှင့် ၂၀၂၄-ခုနှစ်မှာတော့ နိုင်ငံခြားဘာသာတက္ကသိုလ်(ရန်ကုန်) ပြီးရင် ဒီနှစ်ထဲမှာ ဒုတိယအကြိမ်အနေနဲ့ ဒီပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)မှာ ပြုလုပ်တာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ဖွဲ့စည်းပေးထားတဲ့ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ရှိပါတယ်။ အဲဒီကောင်စီရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက်ဆိုရင် စီမံချက်(၅)ရပ် ပြုလုပ်ထားတာရှိပါတယ်။ ပထမတစ်ချက်ကတော့ အသက်ကယ် ထိုင်ခုံခါးပတ်ပတ်ဖို့၊ ဒုတိယတစ်ချက်ကတော့ မော်တော်ဆိုင်ကယ် မောင်းနှင်သူ/ စီးနင်းသူတွေအနေနဲ့ အသက်ကယ်ဦးထုပ်ဆောင်းဖို့၊ တတိယတစ်ချက်အနေနဲ့ လက်ကိုင်ဖုန်းတွေကို ယာဉ်မောင်းနှင်သူတွေသာမက လမ်းအသုံးပြုသူတွေအနေနဲ့ အသုံးမပြုဖို့၊ စတုတ္ထတစ်ချက်ကတော့ အရက်သေစာ သောက်စားမောင်းနှင်ခြင်း မပြုလုပ်ဖို့၊ နောက်ဆုံး အချက်ကတော့ အရှိန်ပြင်းစွာ မမောင်းနှင်ဖို့ပဲ ဖြစ်ပါတယ်။ အဲဒါတွေအားလုံးကို ယာဉ်မောင်းတွေသာမက လမ်းအသုံး ပြုသူတွေအနေနဲ့ တိတိကျကျလိုက်နာမယ်ဆိုရင် ယာဉ်တိုက်မှုကြောင့် သေဆုံး/ဒဏ်ရာရရှိမှုတွေကို ၂၀၃၀-ခုနှစ်မှာ (၅၀)ရာခိုင်နှုန်းလျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ၂၀၂၀-ခုနှစ်မှာ ယာဉ်တိုက်ခိုက်မှုကြောင့် သေဆုံးတာ(၄၄၀၀)ဦးလောက် ရှိပါတယ်။ ၂၀၂၃-ခုနှစ်ဆိုရင် ယာဉ်တိုက်ခိုက်မှုကြောင့် သေဆုံးတာ(၂၄၂၂)ဦးရှိပါတယ်။ တစ်ဝက်နီးပါး လျော့နည်း ကျဆင်းလာတာ တွေ့ရှိရပါတယ်။ ဒီနှုန်းအတိုင်းသာ ဆက်သွားမယ်ဆိုရင် ၂၀၃၀-ခုနှစ်မှာ (၅၀)ရာခိုင်နှုန်းလျှော့ချနိုင် မယ်ဆိုတဲ့ဟာကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန် က ဆိုသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ တာဝန် ရှိသူများ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)မှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (National Road Safety Council)၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ ယာဉ်အန္တရာယ်ကင်းရှင်းရေးကောင်စီများ၊ သက်ဆိုင်ရာ အစိုးရ/ ပုဂ္ဂလိကအဖွဲ့အစည်းများအားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတစ်ဝန်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းမှု ပိုမိုတိုးတက်စေရန်၊ တစ်နိုင်ငံလုံးတွင် မော်တော်ယာဉ်မောင်းနှင်သူများအပါအဝင် မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ ဆိုက်ကားစီးနင်း မောင်းနှင်သူများနှင့် ခြေလျင်လမ်းလျှောက်သူများအားလုံး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များ သိရှိလိုက်နာ၍ ယာဉ်အန္တရာယ်ကင်းရှင်းရေး အပြုအမူကောင်းများ ပိုမိုလက်ခံကျင့်သုံးစေရန်၊ အများပြည်သူဆိုင်ရာ လမ်းများပေါ်တွင် ကြုံခိုင်မှုရှိသော မော်တော်ယာဉ်များ မောင်းနှင်အသုံးပြုကြခြင်းဖြင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရန်၊ အများပြည်သူဆိုင်ရာလမ်းများအား တည်ဆောက်ထိန်းသိမ်းရာတွင် လမ်းအသုံးပြုသူများအတွက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အစီအမံများ ထည့်သွင်းတည်ဆောက်ခြင်းဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းဝေးစေရန်၊ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် အရေးပေါ်စောင့်ရှောက်မှုခံယူခြင်းဖြင့် မလိုလားအပ်သော အသက်ဆုံးရှုံးမှုများ လျှော့ချကာကွယ်ရန် စသည့်ရည်ရွယ်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသလို တွက်ချက်မှုအခြေခံနှစ်ဖြစ်သည့် ၂၀၂၀-ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ယာဉ်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် လူသေဆုံး၊ ဒဏ်ရာရမှုနှုန်းကို ၂၀၃၀-ခုနှစ်တွင် (၅၀)ရာခိုင်နှုန်းလျှော့ချရန်၊ အသက်အန္တရာယ်ကာကွယ်ပေးနိုင်သော မော်တော်ဆိုင်ကယ်စီးဦးထုပ်အား မော်တော်ဆိုင်ကယ်စီးနင်းအသုံးပြုသူ (၁၀၀) ရာခိုင်နှုန်း ဝတ်ဆင်အသုံးပြုရန်နှင့် အသက်ကယ်ထိုင်ခုံ ခါးပတ်အား မော်တော်ယာဉ်မောင်းနှင်သူ (၁၀၀)ရာခိုင်နှုန်း အသုံးပြုရန် စသည့်ရည်မှန်းချက်များဖြင့် စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)