ရန်ကုန် ဖေဖော်၀ါရီ ၃
ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများ၏ (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ရက်သတ္တပတ်လှုပ်ရှားမှုအစီအစဥ် Silver Sparks & Swiper :Celebrating 25th Year Annivercsary ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ လှိုင်တက္ကသိုလ်၀န်းအတွင်းရှိ MICT park yangon ၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးရဲကျော်သိန်းက အဖွင့်အမှာစကားပြောရာ ICT နည်းပညာကို အသုံးပြုနေသော ကုမ္ပဏီများမှ မိမိတို့၏ လုပ်ငန်းများတွင် လိုအပ်လျှက်ရှိသော ICT လူ့စွမ်းအားအရင်းအမြစ်များကို ခေါ်ယူခန့်ထားနိုင်ရန်ရည်ရွယ်၍ (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ရက်သတ္တပတ်လှုပ်ရှားမှုအစီအစဥ်ကို ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးငြိမ်းဦးက နည်းပညာများအသုံးပြုမှု အခြေအနေများအကြောင်း ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်ပြေသိန်းက မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဦးငြိမ်းဦးကို ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် MSME မှ ဒုတိယညွှန့်ကြားရေးမှူး ဒေါ်မူမူအေး၊ Cyberking Co,Ltd မှ မန်နေဂျင်ဒါရိုက်တာ ဦးမြတ်သူ၊ အလင်းရောင်လက်မှုကုမ္ပဏီလီမိတက် CEO ဒေါ်မေဇွန်ကျော်၀င်း၊ Head Of Sales and Engagement Business Unit KBZ Bank GM ဦးမျိုး၀င်းဇော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကွန်ပျူတာပညာရှင်အသင်း၊ နာယကဦးအောင်စိုးမိုးတို့က MSME များနှင့် Digital Myanmar အကြောင်းကို ဆွေးနွေးပြောကြားရာ မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းမှ ဦးအောင်အောင်က Moderator အဖြစ် ဆောင်ရွက်ခဲ့သည်။
ထို့နောက် Healthy Mind ခေါင်းစဥ်ဖြင့် Dr. Jong Ho Kim Ed.D(Hon.),D.D,Ph.D က ဟောပြောဆွေးနွေးပြီး ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးမြင့်ဇော်က ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများ၏ (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ရက်သတ္တပတ်လှုပ်ရှားမှုအစီအစဥ်တွင် MICT အဆောက်အဦးအတွင်း၊ အပြင်ဘက်တို့၌ ကွန်ပျူတာနည်းပညာဆိုင်ရာ ပြခန်ဆိုင်ခန်းများ၊ ဒစ်ဂျစ်တယ်ငွေပေးခြေမှုပြခန်းများနှင့် အသေးစားအလတ်စားလုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများကိုလည်း ဖွင့်လှစ်ရောင်းချပေးလျှက်ရှိကြောင်း သိရှိရသည်။
အောင်မြင့် (ပြန်/ဆက်)