ဟိုပန်ခရိုင်၊ ပန်လုံ၌ အသက်(၆၀)နှစ်နှင့်အထက် ဆန္ဒမဲပေးခွင့်ရှိသူများ စတင်မဲပေး

ပန်လုံ အောက်တိုဘာ ၃၀

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ယနေ့နံနက် ၈ နာရီအချိန်က ရပ်ကွက်/ကျေးရွာကော်မရှိအဖွဲ့ခွဲရုံးများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက် များနှင့်အညီ ပြုလုပ်ခဲ့သည်။

မိမိမဲဆန္ဒနယ်သို့ ပြန်လည် ဆန္ဒမဲပေးခြင်းမပြုနိုင်သည့် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင် များ၊ တာဝန်အရ မဲဆန္ဒနယ်ပြင်ပတွင် တာဝန်ထမ်းဆောင်ရမည့် မဲဆန္ဒရှင်(နိုင်ငံ့ဝန်ထမ်း)များ၊ ရွေးကောက်ပွဲနေ့ တွင် မဲရုံသို့ လာရောက်နိုင်ခြင်းမရှိသော မဲဆန္ဒရှင်များ၊ အသက်(၆၀)နှစ်နှင့် အထက်ရှိသူများသည် ယနေ့နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ သို့သွားရောက်၍ ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြသည်။

ကြိုတင်ဆန္ဒမဲလာရောက်ပေးသူများကို မဲရုံပြင်ပကြီးကြပ်ရေးတာဝန်ထမ်းဆောင်သူ များက ကိုယ်အပူချိန် တိုင်းတာခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်များသန့်စင်ပေးခြင်း၊ နှာခေါင်းစည်းများ ထုတ်ပေးခြင်း၊ မဲရုံမှူးများက မဲစာရင်းစစ်ဆေးခြင်း၊ လက်မှတ်ထုတ်ပေးခြင်း၊ ဆန္ဒမဲပေးပြီးကြောင်း လက်မှတ်ထိုးခြင်း၊ မဲပေးခြင်း လုပ်ငန်းစဉ်အချိန်ကြန့်ကြာမှုမရှိစေရေးကို စီစဉ် ဆောင်ရွက်ပေးခဲ့သည်။

ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်သွားရောက်ရန် အခက်အခဲရှိသည့် အသက်(၆၀)နှစ်နှင့်အထက်မဲ ဆန္ဒရှင်မျာကိုနေအိမ် တွင်ကြိုတင် ဆန္ဒမဲ ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ကြိုတင်ဆန္ဒမဲကို အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိပေးနိုင်ကြောင်း သိရသည်။

သိန်းအောင်(ပြန်/ဆက်)