သံတွဲခရိုင် တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ဒါးသွေးကျောက်လျှိုပိတ်ဆည်တည်ဆောက်ရေးလုပ်ငန်းများအား ကြည်ရှုစစ်ဆေး

သံတွဲ ဖေဖော်ဝါရီ ၃

သံတွဲခရိုင်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ ညနေ ၄ နာရီက သံတွဲမြို့နယ်၊ ဒါးသွေးကျောက်လျှိုပိတ်ဆည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များအား သွားရောက်ကြည်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် သံတွဲခရိုင် တည်ဆောက်ရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မျိုးဦးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အတွင်း ဘဏ္ဍာငွေရှိမှု အခြေအနေနှင့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဘဏ္ဍာငွေရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း ဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တာဝန်ရှိသူများသည် ဒါးသွေးကျောက် လျှိုပိတ်ဆည်တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်၍ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းခွင်အတွင်း အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေး ကောင်းမွန်အောင် တည်ဆောက်ရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင် တည်ဆောက်ကြရေးတို့ကို အလေးထား ဆောင်ရွက်ကြရန်မှာကြားခဲ့သည်။

အဆိုပါ လျှိုပိတ်ဆည်သည် သံတွဲမြို့နှင့် တစ်မိုင်ခန့်အကွာရှိ ဒါးသွေးကျောက်ကျေးရွာအနီးတွင် တည်ရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစတင်၍ မြေပြင်တိုင်းတာခြင်းလုပ်ငန်း၊ စူးစမ်းလေ့လာခြင်းနှင့် ဒီဇိုင်းပုံထုတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကုန်းချောတမံ (၂) တည်ဆောက်ခြင်း၊ ရေထုတ်ပြွန်တည်ဆောက်ခြင်း၊ ချဉ်းကပ်လမ်းကျောက်ကြီးခင်းခြင်း(ပထမပိုင်း) ၂၂၁၀တည်ဆောက်ခြင်းနှင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ပင်မတမံတည်ဆောက်ခြင်းလုပ်ငန်း၊  ကုန်းချောတမံ(၁)တည်ဆောက်ခြင်း၊ ကုန်းချောတမံ(၃) တည်ဆောက်ခြင်းလုပ်ငန်းနှင့် ရေပိုလွှဲလုပ်ငန်း တည်ဆောက်ရေး လုပ်ငန်းများကို ဘဏ္ဍာငွေ ရရှိမှု အခြေအနေပေါ် မူတည်၍ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်း ဒါးသွေးကျောက်လျှိုပိတ်ဆည်သည် မြေသားရေလှောင်တမံ အမျိုးအစားဖြစ်ပြီး အမြင့် ၄၈ ပေ၊ ရေလှောင်တမံ အလျား ၅၂၅ ပေ၊ ရေဆင်းဧရိယာ ၀.၃၉ စတုရန်းမိုင် ရှိပြီး ကန်ရေပြည့် ရေလှောင်ပမာဏ ၂၃၉.၆၆ ဂါလံသန်း၊ ကန်ရေသေ ရေလှောင် ပမာဏ ၅.၅၆ ဂါလံ သန်းဖြစ်ပြီး ရေပေးဝေနိုင်မှု ပမာဏမှာ (၂၄၀) ဂါလံသန်း ရှိပြီး သံတွဲမြို့ပေါ် (၈) ရပ်ကွက်နှင့် ပတ်တန်းကျင်ကျေးရွာများအား သောက်သုံးရေချို ပေးဝေနိုင်ရန် တည်ဆောက်ခြင်းဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဦးအောင်မျိုးဦးထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)