ဥတ္တရသီရိမြို့နယ်၌ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းလုပ်ငန်းများ ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်

ဥတ္တရသီရိ ဖေဖော်ဝါရီ ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် မွေးမြူထားသော အိမ်မွေးခွေးများအား ခွေးရူးဂါကြိုတင်ကာကွယ်ဆေးကို ယမန်နေ့မှစတင်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ခွေးရူးရောဂါဖြစ်သော ခွေး၊ ကြောင်တို့မှ လူ(သို့မဟုတ်)တိရစ္ဆာန်သို့ ကူးစက်ခံရပါက (၁၀၀) ရာခိုင်နှုန်း အသက်အန္တရာယ် ဆုံးရှုံးနိုင်သဖြင့် ခွေးလေခွေးလွင့်ကောင်ရေ လျော့ချရေး၊ ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ မွေးမြူသူကိုယ်တိုင် မိမိ၏တိရစ္ဆာန်(ခွေး၊ကြောင်)များကို ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်သည့်အလေ့အထများ ရှိလာစေရန်ရည်ရွယ်၍ ထိုးနှံပေးခြင်းဖြစ်ပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာတင်ထွန်းနှင့် ဝန်ထမ်းများ၊ ကျေးလက်တိရစ္ဆာန်ကျန်းမာရေးလုပ်သားများက ထိုးနှံပေးခြင်းဖြစ်ရာ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက်နှင့် ဇလောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ သွားရောက်ထိုးနှံပေးခဲ့သည်။

ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းဖြင့် တိရစ္ဆာန်မှတဆင့် လူသို့ကူးစက်ခြင်း၊ တိရစ္ဆာန်အချင်းချင်း ကူးစက်ခြင်းများကို ကာကွယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိပြီး ဥတ္တရသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရပ်ကွက်၊ ကျေးရွာများရှိ လျာထားကောင်ရေ (၄၉၀၀) အား ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဖေဖော်ဝါရီလ ရက်နေ့မှ ရက်နေ့အထိ လိုက်လံထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)