မံစီ ဖေဖော်ဝါရီ ၃
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် Community Centre ဘက်စုံသုံးခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီအချိန်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိ ဒေါ်မြသက်ဦးက ပြည်ထောင်စုနေ့ ပေါ်ပေါက်လာပုံနှင့် အ-မ-က (၃) ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးလွင်မျိုးထွန်းက ပြည်ထောင်စုစိတ်ဓာတ်အကြောင်း အသိပညာပေးဟောပြောခဲ့ကြပြီး အ-မ-က (၂)၊ အ-မ-က (၃)၊ ဘကကျောင်းများမှ ကျောင်းသူ/သားများက ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသခြင်းများကို ကြည့်ရှုခဲ့ကြသည်။
ထို့နောက် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကျင်းပခဲ့ရာ အ-မ-က- (၂)၊ အ-မ-က (၃) နှင့် ဘက မူလွန်ကျောင်းများမှ ကျောင်းသူ/သား (၁၀) ဦးခန့် ယှဉ်ပြိုင်ကြရာ ပထမဆုကို အ-မ-က (၂) ကျောင်းမှ မနန်းကေသီခိုင် (Grade-3)၊ ဒုတိယဆုကို ဘကမူလွန်ကျောင်းမှ မယွန်းနေခြည်လင်း (Grade-3)နှင့် တတိယဆုကို အ-မ-က (၂) ကျောင်းမှ မယွန်းဆင့်ဆင့်မောင် (Grade-4) တို့ကရရှိခဲ့ပြီး တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)