နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပုဗ္ဗသီရိမြို့နယ်အတွင်း လေပြင်းဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးအတွက် ထောက်ပံ့ခြင်းနှင့် မြို့မိမြို့ဖများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများအား တွေ့ဆုံပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၃

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့၏ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ပုဗ္ဗသီရိမြို့နယ်အတွင်း လေပြင်းဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးအတွက် ထောက်ပံ့ခြင်းနှင့် မြို့မိမြို့ဖများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများအား တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် ပုဗ္ဗသီရိမြို့နယ်အတွင်း နွေဦးကာလနှင့် မိုးကြိုကာလများမှာ ဖြစ်ပွားနိုင်သည့် လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ လိုအပ်ချက်ရှိပြီး မိမိတို့ကိုယ်တိုင်ပြင်ဆင်ရန် အခက်အခဲရှိသူများကို နေအိမ်များ ပြန်လည်ပြုပြင်ရန် အိမ်ဆောက်ပစ္စည်းများကို နိုင်ငံတော်မှ ကူညီထောက်ပံ့ပေးအပ်သွားမှာ ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာမြို့နယ်များတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ၏ ဦးဆောင်မှုဖြင့် ပြုပြင်ပံ့ပိုးပေးရမည့် အိမ်ခြေစာရင်းများ ကောက်ယူခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လိုအပ်ချက်ရှိသည့် အိမ်ဆောက်ပစ္စည်းများကို နိုင်ငံတော်မှ ကျေးရွာအရောက် စုပုံပြီး ထောက်ပံ့ပေးသွားမှာ ဖြစ်ပါကြောင်း၊ ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး လေပြင်းဘေးဒဏ် ခံနိုင်ရည်ရှိသည့်နေအိမ်များ ဖြစ်စေရန်အတွက် မိုးဦးလေဦးမကျမီ ပြုပြင်ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊ လေပြင်းဘေးကြိုတင် ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့်ပြည်သူများ လေပြင်းဘေးအန္တရာယ်ကို အလေးထားသိရှိ နားလည်လာခြင်း၊ ဘေးအန္တရာယ်ကာကွယ်ရန်အတွက် အိမ်ထောင်စုတစ်စုချင်းစီအလိုက် ရပ်/ရွာလူထုနှင့် ပူးပေါင်းဆောင်ရွက်တတ်လာခြင်း၊ မိမိတို့၏နေအိမ်များအား ဘေးဒဏ်ခံနိုင်သည့် နေအိမ်များဖြစ်လာစေရန် ဆောင်ရွက်ရမည့်အချက်များကို  သိရှိနားလည်လာခြင်း၊ နှစ်စဉ်ရင်ဆိုင်နေရသော သဘာဝဘေးအန္တရာယ်များနှင့် လေပြင်းဘေးဒဏ်မှ ကာကွယ်နိုင်ပြီး ဘေးကင်းလုံခြုံသော မိသားစုဘဝဖြစ်စေသည့် အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ကြောင်း၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ တက်ရောက်လာသူများအနေဖြင့် တည်ငြိမ်အေးချမ်းပြီး မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ရာသီဥတု ပြောင်းလဲလာမှုနှင့်အတူ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် နိုင်ငံတော်ကယခုလို ထောက်ပံ့ပေးအပ်သလို ပြည်သူများအနေဖြင့်လည်း မိမိကိုယ်ကိုမိမိ ကာကွယ်ကြရန်နှင့် မိမိရပ်ကွက်၊ မိမိကျေးရွာ၊ မိမိမြို့ကိုလည်း ဘေးအန္တရာယ်နှင့်ကြုံလာပါက ထိခိုက်မှုလျော့နည်းစေရန်အတွက် ကြိုတင်ကာကွယ် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစဝီလီဖရန့်က လေပြင်းဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပုဗ္ဗသီရိမြို့နယ်၊ သပြေတန်းကျေးရွာအုပ်စုအတွင်းရှိ အိမ် (၅၆) အိမ်အတွက် သွပ် (၂၈၀) ချပ်ကိုလည်းကောင်း၊  ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုအတွင်းရှိ အိမ် (၁၅) အိမ်အတွက် ဝါး (၅၅၆) လုံး၊ မျော (၆၅) တိုင်၊ ထရံ (၁၇) ချပ်ကိုလည်းကောင်း၊  ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စုအတွင်းရှိ အိမ် (၄၅) အိမ်အတွက် သွပ် (၁၇၅) ချပ်ကိုလည်းကောင်း ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးက လက်ခံရယူကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့၏ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်များတွင် အိမ်ခြေစုစုပေါင်း (၁၆၅၀) အိမ်ကို တစ်အိမ်လျှင် (၄၃၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၇၀၉၅၀၀၀၀) တန်ဖိုးရှိ လေပြင်းဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးအတွက် အိမ်ဆောက်ပစ္စည်းများကို ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)