နေပြည်တော် ဖေဖော်ဝါရီ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရပ်ရွာအခြေပြုအခြေခံစက်ချုပ် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ဖို့ ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတစ်ရပ်အနေဖြင့် အထူးအလေးပေး ဆောင်ရွက်လျက်ရှိပြီး နေပြည်တော်အတွင်းရှိ အမျိုးသမီးငယ်များ အိမ်တွင်းလုပ်ငန်းဖြင့် မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာဖွေနိုင်ရေးအတွက်အထောက်အကူပြုစေရန်၊ မိမိပတ်ဝန်းကျင်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်၊ ကောင်းမွန်သော ဘဝရပ်တည်မှုကိုရရှိစေရန် ရည်ရွယ်ပြီး ရပ်ရွာရှိ အမျိုးသမီးများ ဘဝဖွံဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအခြေပြု အိမ်တွင်းမှု အခြေခံစက်ချုပ်သင်တန်း မုန့်လုပ်နည်းသင်တန်း၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံနှင့် မွမ်းမံသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ယခုဖွင့်လှစ်သည့် ရပ်ရွာအခြေပြုအိမ်တွင်း အခြောက်ချုပ်သင်တန်းတို့ တက်ရောက်လာကြသည့် သင်တန်းသူများအနေဖြင့်လည်း သင်တန်းမှ ပို့များကိုနည်းပညာများကို မိမိတို့ ရပ်ရွာများတွင် လက်တွေ့အသုံးပြု၍ မိမိတို့၏ မိသားစုစားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေသည့်အတွက် ဆက်လက်ပြီး စက်ချုပ်ပညာနှင့် ပတ်သက်၍ အခြေခံမှစ၍ လေ့လာသင်ယူသွားကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်တာဝန်ရှိသူများက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်တာဝန်ရှိသူများ သင်တန်းသူများမှ သင်တန်တွင်ချုပ်ထားသည့် အထည်/ဝတ်စုံများကို ကြည့်ရှုအားပေးသည်။
အဆိုပါ ရပ်ရွာအခြေပြုအခြေခံစက်ချုပ်သင်တန်ကို ပျဉ်းမနားမြို့နယ် မူလတန်းကြိုကျောင်း၌ ဇန်နဝါရီ ၁၅ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိ သင်တန်းသူ ၂၀ ဦးတို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်မှ စာဖတ်ဝိုင်း ပြုလုပ်နေမှု၊ လူငယ်များအတွက် သင်တန်းများ ဖွင့်လှစ်ပေးနေသည့် အခန်းများ၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်နှင့် ကလေးစာဖတ်အတွင်း ကလေးငယ်များ ဆေးရောင်ခြယ်နေမှုကိုကြည့်ရှု အားပေးကာ လက်ဆောင်ပစ္စည်းများပေးအပ်ပြီး ရွေ့လျားစာကြည့်တိုက်ဝန်ဆောင်မှုပေးနေသည့် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်အတွင်း စာအုပ်စာစောင်များ ခင်းကျင်းထားမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)