တောင်ကြီး ဖေဖော်ဝါရီ ၃
ရှမ်းပြည်နယ်(တောင်ကြီး)အတွင်း ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး မွေးစမှသေဆုံးသည်အထိ ဘဝတသက်တာ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန်လိုအပ်သည့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအား ကျန်းမာရေးဝန်ထမ်းများ ရင်းနှီးကျွမ်းဝင်အောင် ပြုလုပ်ပေးသည့် Orientation ကို ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Orientation တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဗဟိုမှ သက်ဆိုင်ရာဘာသာရပ်ကျွမ်းကျင်သူ ပြည်သူ့ကျန်းမာရေးပညာရှင်များက ဆွေးနွေးခဲ့ပြီး ပြည်နယ်/ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း (၈၈) ဦးတက်ရောက်ခဲ့သည်။
ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ရှမ်းပြည်နယ်(တောင်ကြီး) ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်၊ တာဝန်ရှိသူများနှင့်အတူ (၁-၂-၂၀၂၄) ရက်နေ့တွင် တောင်ကြီးမြို့နယ်ရှိ ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးဌာန၊ တီဘီရောဂါတိုက်ဖျက်ရေးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနများ၊ ဒေသန္တရကျန်းမာရေးဌာန၊ ကျောင်းကျန်းမာရေးဌာနနှင့် တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး အစည်းအဝေးခန်းမတွင် ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါအဖွဲ့သည် ဖေဖော်ဝါရီ (၂) ရက်နေ့တွင် တောင်ကြီးမြို့နယ်ရှိ နောင်ကားကျေးလက် ကျန်းမာရေးဌာန၊ ဖာမွန်းကျေးလက်ကျန်းမာရေးဌာနခွဲသို့ သွားရောက်၍ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)