ညောင်ဦး ဖေဖော်ဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကျေးလက်တောင်သူများ စိုက်ပျိုးထားသည့် ခရမ်းချဉ်သီးပေါ်ချိန် တစ်ပိဿာ (၇၀၀) ကျပ် ရောင်းချနေရခြင်းကြောင့် မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာ ဦးဝင်းတင့်က ပြောကြား၍ သိရသည်။
ညောင်ဦးမြို့နယ်တွင် ခရမ်းချဉ်စိုက်ပျိုးမှု ယခုနှစ်တွင် များပြားခဲ့ကာ ခရမ်းချဉ်သီး စတင်ပေါ်ချိန်က တစ်ပိဿာ (၁၂၀၀) ကျပ်ထိ ရောင်းချခဲ့ရခြင်းကြောင့် ခရမ်းချဉ်စိုက်ပျိုး တောင်သူများ မျှော်လင့်နေသည့် ဈေးနှုန်းထက် ကျော်လွန်ခဲ့ကြောင်း၊ ခရမ်းချဉ်သီးလှိုင်လှိုင်ပေါ်ချိန် တစ်ပိဿာ (၇၀၀၀) ကျပ် ရောင်းချနေရကြောင်း ခရမ်းချဉ်စိုက်ပျိုးတောင်သူများထံက သိရသည်။
ညောင်ဦးမြို့နယ်တွင် ယခုနှစ် မိုးရွာသွန်းမှုများပြားကာ ကျေးလက်တောင်သူများ စိုက်ပျိုးသည့် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး မနှစ်ကမိုးခေါင်၍ သီးနှံမရခဲ့သမျှ ဒီနှစ်အထူးအထွက်နှုန်း ကောင်းမွန်ခဲ့ကြောင်း၊ ယခုခရမ်းချဉ်သီးကို SP သီး၊ ထိုင်ဝမ်ခရမ်းချဉ်သီးဟုလည်း ခေါ်ကြကြောင်း ခရမ်းချဉ်ခင်းများ ကောင်းမွန်ခြင်းကလည်း ခရမ်းချဉ်စိုက်ပျိုးတောင်သူများ အပင်သန်မာထွားကြိုင်း၍ အပွင့်ပွင့်နှုန်း၊ အသီးသီးနှုန်းကောင်းမွန်ပြီး ခရမ်းချဉ်သီးထွက်ရှိမှုလည်း ကောင်းကြောင်း၊ ခရမ်းချဉ်သီး ပွဲစားများလည်း ခရမ်းချဉ်ခင်းနှင့် နီးသည့်နေရာများထိ ကားများ၊ ထော်လာဂျီ၊ သုံးဘီးဆိုင်ကယ်များဖြင့် လာရောက်ဝယ်ယူခြင်းများကြောင့် မြို့ပေါ်ဈေးကွက်သို့ သွားရောက်ရောင်းချခြင်းမပြုရဘဲ ကယ်ရီသယ်ဆောင်ခပါ သက်သာခြင်းများကြောင့် ညောင်ဦးမြို့နယ် ခရမ်းချဉ်စိုက်ပျိုးတောင်သူများ ဝင်ငွေတွက်ခြေကိုက်နေကြကြောင်း သိရသည်။
ဒီပါလင်း