ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (မုဒုံမြို့)မှ တစ်နိုင်တစ်ပိုင် စီးပွားရေး အသေးစားလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် သင်တန်းသူများ မွေးထုတ်ပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထု တစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး၊ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးကို အခြေခံ၍ MSME လုပ်ငန်းများအားပေးပြီး ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို ကြိုးစားဆောင်ရွက်လျက်ရှိရာ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မုဒုံမြို့) အနေဖြင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသက်မွေးဝမ်းကျောင်းပညာ ဘာသာရပ်များ  သင်ကြားပေးလျက်ရှိသည်။   အဆိုပါ သင်တန်းများနှင့် ပတ်သက်၍ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (မုဒုံမြို့)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်ဇာခြည်ကျော်နှင့် တွေ့ဆုံမေးမြန်းမှုအား တင်ပြလိုက်ပါသည်။

မေး။     ။ ရက်ကန်းပညာရပ်ဆိုင်ရာ သင်တန်းတွေကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်သင်ကြားပေးနေပါလဲခင်ဗျာ။

ဖြေ။    ။ ရည်ရွယ်ချက်တွေကတော့ မြန်မာ့ရိုးရာရက်ကန်းပညာရပ်များ မတိမ်ကော မပပျောက် ထိန်းသိမ်းစောင့်ရှောက်ရန်၊ ရက်ကန်းဆိုင်ရာပညာရပ်များ ပြန့်ပွားတိုးတက် စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေပြီး မိသားစုဝင်ငွေတိုးပွား ရရှိစေရန်၊ တစ်နိုင်တစ်ပိုင် အသေးစား စီးပွားရေးလုပ်ငန်းများ ပေါ်ထွက်လာစေရန်နှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဖြစ်ပါတယ်။

မေး။   ။ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှာ ဘယ်လိုသင်တန်းတွေကို အဓိက သင်ကြားပေးပါသလဲခင်ဗျာ။

ဖြေ။   ။ အဓိက သင်ကြားပေးနေတဲ့ သင်တန်းတွေကတော့ ချည်မျှင်နှင့်အထည်အလိပ် ကျွမ်းကျင်သူ တစ်နှစ်သင်တန်း၊ လက်ရက်ကန်း ခြောက်လ(တစ်နှစ် နှစ်ကြိမ်) သင်တန်းတွေကို သင်ကြားပေးပါတယ်။

မေး။     ။ ရက်ကန်းပညာရပ်မှာ ဘယ်လိုဘာသာရပ်တွေကို သင်ကြားပေးပါသလဲ ခင်ဗျာ။

ဖြေ။     ။ သင်တန်းကျောင်းမှာကတော့ စက်ရက်ကန်း၊ လက်ရက်ကန်း၊ အထည်ခွဲစိတ်လေ့လာ၊ အဖြူချွတ်ဆေးဆိုး၊ အထည်ဒီဇိုင်း၊ လက်ချည်မျှင်ဆွဲနှင့် ရိုးရာဂျပ်ခုတ်၊ ချည်မျှင်ထုတ်လုပ်မှု နည်းပညာနှင့် အထည်အလိပ် လုပ်ငန်းသုံးအမျှင်များ ဘာသာရပ်တွေကို သင်ကြားပေးပါတယ်။

မေး။     ။ သင်တန်းကာလတွေနဲ့ သင်တန်းသားဦးရေတွေကို ဘယ်လိုသတ်မှတ်ထားပြီးတော့ သင်တန်းတက်ရောက်ရန် ဘယ်လိုအရည်အချင်းတွေရှိရမလဲ ခင်ဗျာ။

ဖြေ။     ။ ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ သင်တန်းကိုတော့ သင်တန်းကာလ တစ်နှစ်ဖြစ်ပြီး သင်တန်းသား ၂၀ ဦးထိလက်ခံပြီးတော့ အခြေခံပညာ အလယ်တန်းအဆင့် အောင်မြင်ပြီးသူများ ဖြစ်ရပါမယ်။ လက်ရက်ကန်းသင်တန်းကိုတော့ သင်တန်းကာလ ခြောက်လဖြစ်ပြီး သင်တန်းသား ၁၀ ဦးထိလက်ခံပြီး အခြေခံပညာ မူလတန်းအဆင့် အောင်မြင်ပြီးသူများ အသက် (၁၈)နှစ်မှ (၂၅)နှစ်အတွင်း ရှိသူတွေကို လက်ခံသင်ကြားပေးပါတယ်။ ဒီမှာ သင်တန်းလာရောက်တက်သူတွေကတော့  မြို့နယ်အတွင်းမှာရှိတဲ့ ရပ်ကွက်/ ကျေးရွာများနဲ့ မြို့အနီးအနားတစ်ဝိုက်မှာရှိတဲ့ မြို့နယ်တွေကနေ လာရောက်ပညာသင်ယူကြပါတယ်။

မေး။     ။ သင်တန်းတွေအတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို ဘယ်လိုဆောင်ရွက် ပေးပါသလဲခင်ဗျာ။

ဖြေ။     ။ သင်တန်းကျောင်းမှာ ဖွင့်လှစ်တဲ့သင်တန်းအားလုံးအတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို နိုင်ငံတော်မှ ကျခံသုံးစွဲတာ ဖြစ်ပါတယ်။ နောက်ပြီး သင်တန်း သားများ အေးချမ်းစွာ ပညာသင်ယူနိုင်ဖို့အတွက် စားရေးသောက်ရေး၊ နေထိုင်ဖို့အတွက် ရေ၊ မီး၊ ခုတင်၊ အိပ်ရာ၊ စာကြည့်စာပွဲ၊ သေတ္တာ၊ Wifi စတဲ့ လိုအပ်တာတွေကို အပြည့်အစုံနဲ့ အဆောင်မှာ နေထိုင်ခွင့်ပြုပြီးတော့ အစစအရာရာအားလုံးအတွက် အခမဲ့ စီစဥ်ဆောင်ရွက်ထားပါတယ်။

မေး။     ။ သင်တန်းတက်ရောက်ပြီးသူတွေကို အလုပ်အကိုင် အခွင့်အလမ်း ရရှိအောင် ဘယ်လိုကူညီ ဆောင်ရွက်ပေးပါသလဲခင်ဗျာ။

ဖြေ။   ။ ဒီမြို့မှာရှိတဲ့ ရက်ကန်းလုပ်ငန်းရှင်များ၊ အစိုးရပိုင်စက်ရုံများနဲ့ ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံတွေနဲ့ ချိတ်ဆက်ပေးပြီး အလုပ်အကိုင်ရရှိအောင် အပ်နှံပေးသလို ဌာနမှာ လိုအပ်ပါက သင့်တော်တဲ့နေရာတွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်အောင် ကူညီဆောင်ရွက်ပေးပါတယ်။

မေး။     ။ သင်တန်းတက်ရောက်ပြီး တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်မယ်ဆိုရင် ဘယ်လိုကူညီပေးပါသလဲခင်ဗျာ။

ဖြေ။     ။ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်အောင် ဌာန၊ အဖွဲ့ အစည်းတွေနဲ့ ချိတ်ဆက်ပေးတယ် နောက်ပြီး ငွေကြေးအရင်းအနှီးများ ရရှိအောင် သမဝါယမအသင်းစုနှင့် ချိတ်ဆက်ပြီးတော့ ချေးငွေများပေးခြင်းဖြင့် ကူညီဆောင်ရွက်ပေးပါတယ်။ စဥ်ဆက်မပြတ် လုပ်ငန်းလုပ်ကိုင်နိုင်ဖို့ စျေးကွက်ချိတ်ဆက်ပေးပါတယ် အဲ့ဒီနေရာမှာ ဌာနက ကျင်းပပြုလုပ်တဲ့ အသေးစား ထုတ်ကုန်ပစ္စည်း​ပြပွဲ၊ ပြိုင်ပွဲတွေမှာ ပါဝင်ပြသရောင်းချခွင့်ပြုပြီး ထုတ်ကုန်ပစ္စည်းတွေ တရားဝင်ရောင်းချနိုင်ဖို့ ဌာနအနေနဲ့ အရည်အသွေး စစ်ဆေးကာ မှတ်ပုံတင်တွေ ပြုလုပ်ပေးပါတယ်။

မေး။  ။ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းအနေနဲ့ အသေးစားထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနဲ့ ကျေးလက်နေ ပြည်သူများ ဝင်ငွေ တိုးပွားစေဖို့အတွက် ဆောင်ရွက်ချက်များရှိရင် ပြော​ပြပေးစေလိုပါတယ်ခင်ဗျာ။

ဖြေ။    ။ ဌာနအနေနဲ့ အသေးစား ထုတ်ကုန်တွေဖန်တီးပေးနိုင်ရေးနဲ့ ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေး စီမံကိန်းကို စီမံကိန်း အမျိုးအစား ခုနစ်ခုနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ (၁) ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) ဆောင်ရွက်မည့်လုပ်ငန်း၊ (၂) ခေတ်မီစံပြကျေးရွာ ဖော်ဆောင်၍ ကျေးလက်နေ ပြည်သူများ ဝင်ငွေတိုးရေးဆောင်ရွက်မည့်လုပ်ငန်း၊ (၃) လူငယ်များ အလုပ်အကိုင် ဖန်တီပေးနိုက်ရေး ဆောင်ရွက်မည့်လုပ်ငန်း၊ (၄) အသေးစား အငယ်စား စီးပွားရေး လုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်မည့်လုပ်ငန်း၊ (၅) အမျိုးသမီးများဝင်ငွေ တိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်း၊ (၆) ဘေးဒဏ်သင့် ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရေး ဆောင်ရွက်မည့်လုပ်ငန်း၊ (၇) ဘိန်းစိုက်ပျိုးသည့် မြို့နယ်များတွင် အစားထိုး အသေးစား ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးရေး ဆောင်ရွက်မည့် လုပ်ငန်းတို့ ဖြစ်ပါတယ်။

မုဒုံမြို့နယ် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းအနေနဲ့ ဒေသခံ ပြည်သူများရဲ့ လူမှုစီးပွားဘဝ မြင့်မားစေဖို့ အလုပ်အကိုင် အခွင့်အလမ်းများ များစွာ ရရှိစေဖို့ တစ်ဖက်တစ်လမ်းမှ ကြိုးစားဆောင်ရွက်ပေးလျက်ရှိပါတယ်။

အောင်မျိုးသူ (ပြန်/ဆက်)