ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် နှစ်စဉ် စိုက်ပျိုးရောင်းချသည့် စတော်ဘယ်ရီသီးများ ဈေးကောင်းရရှိ

ဟိုပုံး ဖေဖော်ဝါရီ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နှစ်စဉ် စိုက်ပျိုး ရောင်းချသည့် စတော်ဘယ်ရီသီးများ ယခုနှစ်တွင် အထွက်နှုန်းကောင်းမွန်ပြီး ယခင်နှစ်ကထက် ဈေးကောင်းပိုမိုရရှိကြောင်း သိရသည်။

စတော်ဘယ်ရီပင်သည် အေးမြသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စိုက်ပျိုးမှုများပြားသည်။ ဟိုပုံးမြို့နယ်တွင် စတော်ဘယ်ရီသီးကို နှစ်စဉ် စိုက်ပျိုးရောင်းချလျက်ရှိပြီး ယခုနှစ်တွင် အထွက်နှုန်း ကောင်းမွန်ပြီး ဈေးကောင်းပိုမိုရရှိသော်လည်း ယခင်နှစ်ကထက် မြေဩဇာနှင့် လုပ်အားခ ကုန်ကျစရိတ်များ ပိုမိုများ ပြားကြောင်း၊ စတော်ဘယ်ရီသီး အရောင်အဆင်းမှာ အနီ၊ ပန်းရောင်နှင့် အဖြူရောင်များတွေ့ရပြီး အသီးပုံသဏ္ဍာန်မှာ ထုလုံးချွန်ပုံမှ ဘဲဥပုံအထိ အမျိုးမျိုး စိုက်ပျိုးကြကြောင်း၊ ဟိုပုံးမြို့နယ်မှ စတော်ဘယ်ရီသီးကို ဒီဇင်ဘာလတွင် စတင်ထွက်ရှိပြီး ယခုနှစ်  ဖေဖော်ဝါရီလတွင် စတော်ဘယ်ရီသီးများ ပိုမိုထွက်ရှိနေပြီးဖြစ်ကြောင်း စတော်ဘယ်ရီ စိုက်ပျိုးတောင်သူထံမှ သိရသည်။ စတော်ဘယ်ရီသီးကို သုံးရက်လျှင် တစ်ကြိမ် ခူးဆွတ်ရပြီး တစ်ကြိမ်ခူးဆွတ်လျှင် တစ်ပိဿာသုံးဆယ် ကျပ်သားဝင်သည့် ရေပုံး (၇၀) ကျော် ခူးဆွတ်ရကြောင်း စတော်ဘယ်ရီ ၃ ဧက စိုက်ပျိုးထားသည့် တောင်သူ ဦးခွန်ထွန်းစိန်ထံမှ သိရသည်။ ယခင်နှစ်တွင် စတော်ဘယ်ရီ စတင်ထွက်ရှိချိန်တွင် တစ်ပိဿာသုံး ဆယ်ကျပ်သားဝင်သည့် ရေပုံးတစ်ပုံးလျှင် ကျပ်တစ်သောင်းသုံးထောင်မှ ကျပ်တစ်သောင်းခွဲအထိ စတင်ရောင်းချရကြောင်း စတော်ဘယ်ရီစိုက်ပျိုးရောင်းချသူ တောင်သူ တစ်ဦးထံမှ သိရသည်။

စတော်ဘယ်ရီပင်ကို မိုးဦးကျတွင် စတင်ပျိုးထားပြီး ပျိုးပင်ပေါက်များကို ဇူလိုင်လမှစ၍ စိုက်ပျိုးကြရာ စတော်ဘယ်ရီသီးများကို ဒီဇင်ဘာလတွင် ခူးဆွတ်ရသည်။ ဟိုပုံးမြို့နယ်တွင် ထိုင်ဝမ် အပျော့၊ ကောမတ်(ခေါ်) အမာသီး၊ ဂျပန်နှင့် မြန်မာမျိုးစပ်ထားတဲ့ ဂျပန်သီးများကို စိုက်ပျိုးမှုများပြားကြောင်းနှင့် ယခုနှစ် စတော်ဘယ်ရီ စတင်ထွက်ရှိချိန်တွင် ဈေးကောင်းရရှိကာ စတော်ဘယ်ရီ စိုက်ပျိုး တောင်သူများ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)