စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ပြုလုပ်

စဉ့်ကိုင် ဖေဖော်ဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထ ကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန် မြင့်မားစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club )နှင့် ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူပေါင်း၍ စာရေးဆရာ ဖေမြင့် ရေးသားထားသော "စနစ်တကျ လေ့ကျင့်တည်ဆောက်ထားသော စိတ်၏ သတ္တိစွမ်းအားများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် (၁ဝ:၀၀) နာရီအချိန်က ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်း ပြုလုပ်ရာတွင် စ‌ဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စဉ့်ကိုင်မြို့နယ် (Book Club) အသင်းအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်း(ပညာ‌ရေး)က စာရေးဆရာ ဖေမြင့် ရေးသား‌ထားသော "စနစ်တကျ လေ့ကျင့်တည်ဆောက်ထားသော စိတ်၏ သတ္တိစွမ်းအားများ" စာအုပ်တွင် ပါဝင်သည့် "သူတစ်ပါးကို စိတ်ဝင်စားပါ" ခေါင်းစဉ်ပါ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး မြို့နယ် (Book Club) အဖွဲ့နာယက  ဦးသန်းအောင်က "ထက်သန်စိတ်ကို နှိုးဆွပေးပါ" ခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ ဒုဥက္ကဌ စာရေးဆရာ ဦး‌အေးကိုကို (ဝင်းမောင်မောင်) (ပန်းလောင်လွင်ပြင်)က "ပြဿနာကိုသိလျှင် အဖြေရှိသည်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ဦးဝင်းဦးက "မိမိအတွက် ကံကြမ္မာကောင်းကို မိမိဘာသာ ဖန်တီးနိုင်ပါသည်" ခေါင်းစဉ်ဖြင့်လည်းကောင်း‌ ဆွေး‌နွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့  တက်ရောက်လာကြသည့် (Book Club) အဖွဲ့ဝင်များကလည်း စာအုပ်တွင်ပါဝင်သည့် အခန်းအလိုက် မိမိတို့၏ အတွေးအမြင်ရသများကို အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)