နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်ဆောင်းနေကြာ စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

မြစ်သား ဖေဖော်ဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်ဆောင်းနေကြာ ဆီထွက်သီးနှံ ရေဆင်းဆပ်မျိုး နေကြာ-၁ မျိုးကို  မြိုင်ကုန်းကျေးရွာအုပ်စု တောင်သူဦးသာထွန်း၏ ကွင်းအမှတ်(၅၃၄/ခ)၊ ဦးပိုင်အမှတ် (၂၂) ရှိ စိုက်ဧက (၅) ဧကတွင် စံကွက်ရိတ်သိမ်းခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ သီးနှံနေကြာစိုက်ခင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

စံကွက်ရိတ်သိမ်းခြင်းကွင်းသရုပ်ပြပွဲတွင် မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းသူမှ တောင်သူဦးကြီးများကိုသီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ခေတ်မှီစိုက်ပျိုးနည်းစနစ်များကို စိုက်ပျိုးရေးဌာနနှင့်ပူးပေါင်း၍ လေ့လာကျင့်သုံး စိုက်ပျိုးထုတ်လုပ်ရန်လိုအပ်ကြောင်း၊ သို့မှသာ စိုက်ပျိုးသည့်သီးနှံ တစ်ဧကထွက်နှုန်းတိုးပြီး ဝင်ငွေတိုးတက်ရရှိမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမောင်မောင်ငြိမ်းမှ နိုင်ငံအနေဖြင့် မြေသယံဇာတများ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်ပြီး ရှေးယခင်ကပင် ယခုလက်ရှိအချိန်နှင့်နောင်တွင်လည်း မြေသယံဇာတကို အသုံးပြု၍ သီးနှံစိုက်ပျိုးထုတ်လုပ်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သီးနှံစိုက်ပျိုး ထုတ်လုပ်ရာတွင်လည်း တောင်သူလယ်သမားများအနေဖြင့် ရာသီဥတုပြောင်းလဲခြင်း၏စိန်ခေါ်မှု၊ လယ်ယာလုပ်သားရှားပါးမှု၏ စိန်ခေါ်မှု၊ သွင်းအားစုစရိတ်များ စျေးနှန်းမြင့်မားခြင်း၏ စိန်ခေါ်မှုစသည့် စိန်ခေါ်မှုများဖြင့်  သီးနှံစိုက်ပျိုးထုတ်လုပ်နေရကြောင်း၊ စိုက်ပျိုးသည့်  သီးနှံများ အထွက်တိုးအောင် စိုက်ပျိုးထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် တောင်သူများ၏ စိတ်ဓာတ်၊ မျိုး၊ သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းခြင်း စသည်တို့ဖြင့် ပြုပြင်ပြောင်းလည်း စိုက်ပျိုးထုတ်လုပ်ရမည်ဖြစ်ကြောင်း အကျယ်တဝံ့ရှင်းလင်းပြောကြားသည်။

အဆိုပါ စံကွက်ရိတ်သိမ်းခြင်းကွင်းသရုပ်ပြပွဲသို့ မြစ်သားမြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ မြိုင်ကုန်းကျေးရွာအုပ်စု၊ ပခန်းကျေးရွာအုပ်စု၊ ကြောင်ပန်းကျေးရွာအုပ်စုတို့မှ ဒေသခံတောင်သူ ဦးကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သီတာအောင်(မြစ်သား)