မူဆယ် အောက်တိုဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ရောက်ရှိလာကြသည့် နေရပ်ပြန်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုရှိ/မရှိ သိရှိနိုင်ရန် အတွက် နှားခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များရယူခြင်းတို့ကို မူဆယ်မြို့၊ ကျန်းမာရေးဌာနမှ (၂)ရက်တစ်ကြိမ်ရယူစစ်ဆေး၍ ရောဂါကူးစက်မှု မရှိပါက နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်ပြီး ရောဂါကူးစက်မှုရှိပါက မူဆယ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံအသစ်၌ ဆေးကုသခံယူစေမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး မူဆယ်မြို့သို့ ပြန်လည်လွှဲပြောင်း လာသော မြန်မာရွှေ့ပြောင်း အလုပ်သမား တစ်ဦးထံတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိပြီးနောက် ဖမ်းဆီးခံမြန်မာ ရွှေ့ပြောင်း အလုပ်သမားလွှဲပြောင်းမှုကို (၁)လကျော်ရပ်နားခဲ့ပြီး အောက်တိုဘာလ၊ ဒုတိယအပတ်မှ စတင်၍ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင်ပြန်လည်လွှဲပြောင်းလာခဲ့သည်။
မူဆယ်မြို့သို့ ပြန်လည်လွှဲပြောင်းလာသည့် မြန်ပြောင်းရွှေ့အလုပ်သမားများနှင့် မိမိသဘောအရ ပြန်လည်ရောက်ရှိလာကြသော နေရပ်ပြန်ပြည်သူများကို မူဆယ်မြို့၊ ပြည်ထောင်စုအားကစားကွင်းတွင် စနစ်တစ်ကျလက်ခံခဲ့ပြီး ရောဂါကူးစက်မှုရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
“တရုတ်နိုင်ငံဘက်က ပြန်လည်လွှဲပြောင်းလာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ မိမိသဘောအရပြန်လည် ရောက်ရှိလာတဲ့နေရပ်ပြန်ပြည်သူတွေကို ပြည်နယ်အစိုးရရဲ့ ညွှန်ကြားချက်အရ ရောဂါကူးစက်ခံရမှုရှိ/မရှိ စစ်ဆေးပြီး ရောဂါကူးစက်ခံရမှုမရှိဘူးဆိုရင် နေရပ်ဒေသအသီးသီးပြန်နိုင်ရန် ဆက်လက်စီစဉ်ဆောင်ရွက်ပေး ပါတယ်”လို့ မူဆယ်မြို့၊ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့၊ လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးဆပ်ကော်မတီအတွင်းရေးမှူးဦးအောင်မိုးလွင်က ပြောကြားခဲ့သည်။
ယခင်မူဆယ်မြို့သို့ ပုံမှန်ဝင်ရောက်လာကြသည့် နေရပ်ပြန်ပြည်သူများကို ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ခရီးသွားမှတ်တမ်းကောက်ယူခြင်းများကို ဆောင်ရွက်ပြီး နေရပ်အသီးသီးကို ပြန်လည်ပို့ဆောင်ပေးသည်။ လက်ရှိတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ နေရပ်ပြန်ပြည်သူတိုင်းကို (၂)ရက်တစ်ကြိမ်နှုန်း ဖြင့် ကိုဗစ်-၁၉ရောဂါကူးစက်ခံရမှုရှိ/မရှိတို့ကို ပုံမှန်စစ်ဆေးပေးချက်ရှိသည်။
ကိုဗစ်-၁၉ရောဂါကူးစက်မှုရှိ/မရှိစစ်ဆေးခြင်းကို မနက်(၇)နာရီအချန့်တွင် စစ်ဆေးခဲ့ပြီး ညနေ(၅)နာရီ အချိန်ခန့် တွင် ရောဂါကူးစက်မှုရှိ/မရှိချက်ချင်း သိရှိနိုင်ကြောင်းသိရသည်။ (၂၀၂၀)ပြည့်နှစ်၊ အောက်တိုဘာလအတွင်းတွင် မူဆယ်မြို့သို့ နေရပ်ပြန် စုစုပေါင်း(၁)ထောင်ကျော်ဝင်ရောက်လက်ခံခဲ့ပြီး နေရပ်ပြန်ပြည်သူများ၏ အခြား လိုအပ်ချက်များကို မူဆယ်မြို့၊ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့က စနစ်တကျစီမံ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)