ရန်ကုန် ဖေဖော်ဝါရီ ၃
အီရတ်နိုင်ငံဘဂ္ဂဒက်မြို့၌ အခက်အခဲများနှင့် ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ အမြန်ပြန်လည်ပို့ဆောင်ပေးနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ကိုင်ရိုမြို့ရှိ မြန်မာသံရုံးအနေဖြင့် အီရတ်နိုင်ငံရှိအာဏာပိုင်များနှင့် ညှိနှိုင်းပြီး နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ အီရတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများသည် ဖေဖော်ဝါရီ ၁ ရက်က ဘဂ္ဂဒက်မြို့မှ ဘဂ္ဂဒက်-ဒူဘိုင်း လေယာဉ်ခရီးစဉ်ဖြင့် ဒူဘိုင်းသို့ ထွက်ခွာခဲ့ပြီး ယမန်နေ့တွင် ဒူဘိုင်းမှ ဒူဘိုင်း-ဗန်ကောက် လေယာဉ်ခရီးစဉ်ဖြင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ရောက်ရှိခဲ့ကာ ညနေ ၅ နာရီ ၁၅မိနစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတစ်ဆင့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြသည်။
ထိုသို့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြသည့် မြန်မာနိုင်ငံသားများကို နိုင်ငံခြားရေးဝန်ကြီးဌာနကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ရခိုင်အမျိုးသားကွန်ရက်အဖွဲ့တို့မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ပြန်လည်ရောက်ရှိလာသော အီရတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှာ မဟန်နီထွန်း၊ မမြတ်အေးစံ(ခ)ဝေဝေ၊ မသန်းနွယ်ဌေးတို့ သုံးဦးဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)