မုဒုံမြို့နယ်တွင် အခြေခံပညာစာမေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်

မုဒုံ ဖေဖော်ဝါရီ ၃

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများတွင် ကျင်းပမည့်စာမေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ​ပြုလုပ်သည်။

ရှေးဦးစွာ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက ယခုလအတွင်းကျင်းပမည့် အခြေခံပညာ KG+9 စာမေးပွဲကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုရေးအတွက် စာစစ်ဌာနများ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ၊ ကျောင်းလုံခြုံရေးကိစ္စရပ်များ၊ စာသင်ကျောင်းများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် Grade-5/Grade–9 စာမေးပွဲများကို လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် မုဒုံမြို့နယ် ဒုတိယပညာရေးမှူး ဦးဝင်းနိုင်က မြို့နယ်အတွင်းဖွင့်လှစ်မည့်  စာစစ်ဌာနကျောင်းများနှင့် ကျောင်းသား/ကျောင်းသူများ စာမေးပွဲဝင်ရောက်ဖြေဆိုမည့်  အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ တာဝန်ရှိသူများက လိုအပ်သည်များကို ပူးပေါင်းကူညီ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)