ရွှေပြည်သာမြို့နယ်၌ အလုပ်သမားရေးရာ ဥပဒေအသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ရွှေပြည်သာ  ဖေဖော်ဝါရီ  ၃

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ အလုပ်သမားရေးရာ ဥပဒေများ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီက သာဓုကန်စက်မှုဇုန် Kseng (Myanmar) Apparel Co.,Ltd အထည်ချုပ်စက်ရုံ၌ ကျင်းပသည်။

အသိပညာပေး ဆွေးနွေးပွဲတွင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းက အလုပ်ရှင်အလုပ်သမားများအနေဖြင့် အလုပ်သမားဥပဒေများကို ကောင်းစွာ သိရှိနားလည်ပါက အငြင်းပွားမှုများ လျော့နည်းလာမည်ဖြစ်ကြောင်း၊ အလုပ်ရှင်များအနေဖြင့်လည်း ဥပဒေပါ ခံစားခွင့်များကို အပြည့်အဝပေးရန် လိုအပ်ပါကြောင်း၊ အလုပ်သမား အငြင်းပွားမှုများ ဖြစ်ပွားလာပါက အစိုးရ၊အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှသာ အေးချမ်းသာယာသော လုပ်ငန်းခွင်ဖြစ်စေမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင် အေးချမ်းသာယာမှသာ ကုန်ထုတ်စွမ်းအားလည်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ကုန်ထုတ်စွမ်းအားတိုးတက်မှ အလုပ် သမားများ၏ လူမှုဘဝ တိုးတက်လာမည်ဖြစ်ပါကြောင်း အငြင်းပွားမှုများ ဖြစ်ပွားလာပါက စက်ရုံတွင်း၌ ပြေလည်မှုရရှိအောင် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်း ကော်မတီ (Wcc) တွင်ကနဦးဆွေးနွေးညှိနှိုင်းမှုလုပ်‌ဆောင်ရန်လိုအပ်ပါကြောင်း (Wcc)တွင် ပြေလည်မှု မရရှိပါက ဝန်ကြီးဌာနအောက်ရှိ အလုပ်သမားရေးရာဌာနများသို့ တိုင်ကြားနိုင်ပြီး ဥပဒေနှင်အညီ ဖြေရှင်းရန် လိုပါကြောင်း သက်ဆိုင်ရာ ဦးစီးဌာနအလိုက် ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် အလုပ်သမား ဥပဒေများပါ အလုပ်ရှင် အလုပ်သမားများ သိရှိဆောင်ရွက်သင့်သည့် အချက်များကို သိရှိနိုင်ရေး ယခုလို အသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသိပညာပေး ဆွေးနွေးပွဲသို့ အလုပ်သမားဆက်ဆံ‌ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံအရာရှိများ၊ရွှေ ပြည်သာမြို့နယ် တာဝန်ခံအရာရှိများ၊ စက်ရုံအလုပ်ရုံများမှ ပိုင်ရှင်၊ မန်‌နေဂျာနှင့် အလုပ်သမားများ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ယခုကဲ့သို့ အသိပညာပေး ဆွေးနွေးမှုများ ကျင်းပပြုလုပ်ခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားများ အလုပ်သမား ဥပဒေများကို သိရှိလာ၍ အလုပ်ရှင်၊ အလုပ်သမားများ၏ လုပ်ငန်းခွင် ဆက်ဆံရေး ကောင်းမွန်အေးချမ်းသာယာပြီး ကုန်ထုတ်လုပ်မှု တိုးတက်ကာနိုင်ငံ၏ စီးပွားရေးကဏ္ဍကို များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)