မုဒုံ ဖေဖော်ဝါရီ ၃
မွန်ပြည်နယ်၊ မုဒုံမြို့နယ် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီးတွင် ဥပ္ပါတသန္တိသုတ် ပရိတ်ဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ညက မဟာမြတ်မုနိ ဓမ္မာရုံ၌ ကျင်းပသည်။
ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားတော့၍ ကျောင်းသစ်ပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော် အရှင်စန္ဒန (လမင်းဆရာတော်) ထံမှ မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်း၊ ကန်ကြီးစေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးရွှေသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့သူ/သားတို့က ဥပုသ်သီလခံယူဆောက်တည်သည်။ ထို့နောက် ဆရာတော်ကြီးနှင့် သံဃာတော် (၁၉) ပါးတို့မှ ဦးဆောင်၍ ဘေးဥပဒ်အန္တရာယ်မှ ကင်းဝေးစေသော ဥပ္ပါတသန္တိသုတ်ပရိတ် ဒေသနာတော်ကို ရွတ်ဖတ်သရဇ္ဇျာယ်ကာ ဧည့်ပရိသတ်အပေါင်းတို့က ကြည်ညိုခဲ့ကြသည်။
ယင်းနောက် ဆရာတော်သံဃာတော်ကြီးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ ပရိတ်ဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)