(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခြေခံပညာနှင့်စက်မှု စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတွင် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲများကျင်းပ

မြစ်သား ဇန်နဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲများကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ  ပြိုင်ပွဲတွင်  မြို့နယ်ပညာရေးမှူးရုံးမှ  ဒုတိယမြို့နယ် ပညာရေးမှူး  ဦးကျော်ဟန်နှင့် ဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်၍ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် စည်းလုံးညီညာပြည် မြန်မာ၊ ပန်းချီပြိုင်ပွဲတွင် စည်းလုံးခြင်းသည်အင်အား၊ ဆောင်းပါးပြိုင်ပွဲတွင် သွေးချင်းချစ်ကြည်မြန်မာပြည်  ခေါင်းစဉ်ဖြင့်လည်းကောင်း၊  အလယ်တန်း အဆင့်  စာစီစာကုံးပြိုင်တွင်  သွေးစည်းချစ်ကြည်လက်တွဲညီ၊ ဆောင်းပါးပြိုင်ပွဲတွင် ပြည်ထောင်စုကြီးတည်တံ့ဖို့ တိုင်းရင်းသားများလက်တွဲစို့၊ ပန်းချီပြိုင်ပွဲတွင် စည်းလုံး ချင်းသည်အင်အား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် စုပေါင်းညီညာအောင်ကြောင်းဖြာ၊ ပန်းချီပြိုင်ပွဲတွင် စည်းလုံးချင်းသည်အင်အား ခေါင်းစဉ်ဖြင့် လည်းကောင်း  ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။ ဆက်လက်၍ ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများကို ပထမဆု၊ ဒုတိယဆု၊ တတိယဆုများအား (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများအသီးသီး ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။ 

စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ ပြိုင်ပွဲများကျင်းပရာသို့ မြိုနယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ် ပညာရေးမှူး ဦးကျော်ဟန၊ အခြေခံပညာနှင့်စက်မှု စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးသီတာနှင့် ဆရာ၊ ဆရာမများ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းမင်းထွန်း (ပြန်/ဆက်)