ဘီးလင်း ဖေဖော်ဝါရီ ၃
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန် မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အထက (ဇုတ်သုတ်)ကျောင်း ပညာတံခွန်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးသီဟစိုးမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက လူငယ်စကားဝိုင်း ပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ထူးချွန်လူငယ်များ ပေါ်ထွန်းလာစေရေးကို ဆွေးနွေးပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်သန်းသန်းရွှေက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် ဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက အစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းရွှေနှင့်အတူ အ.ထ.က (ဇုတ်သုတ်)ကျောင်း (Grade-12)မှ မောင်ကျော်ဇင်ထွန်း မောင်မင်းပိုင်ခန့်၊ မစိန်မမနှင့် မနန်းနွယ်တို့က “လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး”၊ “လူငယ်နှင့်တန်ဖိုး”၊ “လူငယ်နှင့်အပြောင်းအလဲ”၊ “လူငယ်နှင့်သိစိတ်” ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ ဖတ်ရှုမှတ်သား လေ့လာထားသည်များကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးကြရာ အစီအစဥ် တင်ဆက်သူနှင့် ဦးဆောင်ဆွေးနွေးသူတို့က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ အ.ထ.က (ဇုတ်သုတ်) ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)