လွိုင်လင်မြို့မဈေးကြီးတွင် မီးငြှိမ်းသတ်မှုလက်တွေ့သရုပ်ပြသ

လွိုင်လင်  ဖေဖော်ဝါရီ ၃

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန တို့ပူးပေါင်း၍ မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက မြို့မဈေးကြီးရှေ့တွင် ပြုလုပ်ပါသည်။

မီးငြှိမ်းသတ်ရေးသရုပ်ပြပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်းဌေးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်စည်ပင်သာယာရေးဝန်ထမ်းများ၊ ဈေးသူ၊ ဈေးသားများ တက်ရောက်ကြသည်။

ရှေးဦးစွာ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မီးလောင်ရသည့်အကြောင်းရင်း၊ မီးသတ်ဆေးဘူး ထားရှိရေး၊ အသုံးပြုပုံ၊ စသည်များကို ရှင်းလင်းပြောကြားပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များမှ လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသပြီးနောက် ဈေးသူ/သားများနှင့် စည်ပင်သာယာရေးဝန်ထမ်းများမှ ကိုယ်တိုင်ပါဝင်၍လက်တွေ့ မီးငြှိမ်းသတ်ကြသည်။ ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ရေးယာဉ်သုံးစီးဖြင့် သရုပ်ပြသခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် တာဝန်ရှိသူများက မြို့မဈေးကြီးအတွင်း၌ အရေးပေါ်မီးငြှိမ်းသတ်ရန် မီးသတ်ပိုက်ဆောင်ရွက်ထားရှိမှုနှင့် စားသောက်ဆိုင်များတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် လိုက်လံကြည့်ရှုစစ်ဆေးပြီး အသိပညာပေး ပြောကြားခဲ့ကြသည်။

လွိုင်လင်မိုး ( ခရိုင်ပြန်/ဆက်)