သင်္ဃန်းကျွန်း ဖေဖော်ဝါရီ ၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးနှင့် အ-ထ-က (သု၀ဏ္ဏ) ကျောင်းတို့ ပူးပေါင်း၍ ပြည်ထောင်စုနေ့အကြို အသိပညာပေး ဟောပြောပွဲနှင့် ဆုရ ကျောင်းသားကျောင်းသူများ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သု၀ဏ္ဏ)သီရီသု၀ဏ္ဏပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုနေ့အတွက် ပြိုင်ပွဲဝင်ထားသည့် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ပန်းချီ၊ စာစီစာကုံးတို့တွင် ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများအား တာဝန်ရှိသူတို့က ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းမြိုင်က မြန်မာနိုင်ငံ၏ သမိုင်းဝင် နေ့ထူးနေ့မြတ်များမှ ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများ၊ ကျောင်းနေအရွယ် ကလေးဘဝမှ စတင်ကာ နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာရေး၊ နိုင်ငံတော်နှင့်အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုကို ထိန်းသိမ်းကာကွယ်စိတ်၊ အမျိုးသားရေးစိတ်ဓာတ်၏ အရေးပါမှုနှင့် မျိုးဆက်သစ် လူငယ်များ နိုင်ငံကို ထိန်းသိမ်းကာကွယ်ရမည့် သမိုင်းပေးတာဝန်များကို သိရှိလိုက်နာရန် စသည့် ဗဟုသုတ ဖြစ်ဖွယ်များနှင့် သိမှတ်ဖွယ်ရာများကို အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် စာရေးဆရာမ ပေါက်ပေါက်က “တွဲထားလက်များ ခိုင်စေသား” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများ၊ ပြည်ထောင်စုနေ့သည် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီး ဖြစ်ကြောင်း၊ ပင်လုံမြေမှစတင်ခဲ့သည့် တိုင်းရင်းသားပေါင်းစုံတို့၏ သွေးစည်းညီညွတ်မှု သင်္ကေတ ဖြစ်သော ပြည်ထောင်စုစိတ်ဓာတ်၏ အရင်းတည်ပေါက်ဖွားရာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်ကစတင်၍ ပြည်ထောင်စုအလံတော်ကို လွှင့်ထူခဲ့သည်မှာ ယခုနှစ်ဆိုလျှင် ၇၇ နှစ်တိုင်ခဲ့ပြီ ဖြစ်ကြောင်းနှင့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကိုအကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ အ.ထ.က (သု၀ဏ္ဏ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြင့်စန်းက စာရေးဆရာမ ပေါက်ပေါက်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါ၀င်းမြိုင်တို့အား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် “သတင်းစကား” လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် ခင်းကျင်းပြသထားသည့် သုတ၊ရသ စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာလေ့လာ ဖတ်ရှုခဲ့ကြကြောင်း သတင်းရသည်။
သိန်းအောင် (သင်္ဃန်းကျွန်း)