မြစ်သား ဖေဖော်ဝါရီ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကူမဲမြို့ အမှတ်(၂) ချမ်းမြသာစည်ရပ်ကွက်ရှိ ဒေသခံပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးပြီး မီးလောင်မှုကြောင့် အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မဖြစ်ပွားစေရေးအတွက် အိမ်ခြေ(၁၇၅)အိမ်၊ အိမ်ထောင်စု(၂၁၁)စု၊ လူဦးရေ(၆၄၃)ဦးအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက စတင်၍ တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ လိုက်လံကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက အမှတ်(၂) ချမ်းမြသာစည် ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ မီးဘေးလုံခြုံရေး တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခြင်း၊ မီးကြွင်း၊ မီးကျန်များ ငြှိမ်းသတ်ရန်၊ အုတ်ကန်ရေကန်များရေ အပြည့်ထည့်ထားရန်၊ မီးချိတ်၊ မီးကပ်၊ သဲ၊ ရေပုံးများ၊ မီးသတ်ဆေးဘူးများ အသင့်ထားရှိရန်နှင့် ရှိ / မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ အသိပညာပေး လုပ်ငန်းများ၊ လိုက်နာရမည့် အချက်များကို အသံချဲ့စက် မီးသတ်ကားဖြင့် လှည့်လည်ကာ မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံအသိပေး နှိုးဆော်ခြင်းများ၊ ဇာတ်တိုက် လေ့ကျင့်သရုပ်ပြခြင်းများကို ပြည်သူအကျိုးပြု လုပ်ငန်းများအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)