ချောင်းဆုံမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ချောင်းဆုံ ဖေဖော်ဝါရီ ၂

မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရေး၊ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် ဗလငါးတန်နှင့် ပြည့်စုံစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့မွန်းလွဲပိုင်းတွင် ချောင်းဆုံမြို့နယ် (အ.ထ.က−ခွဲ) ကွမ်ရိုက်ကျောင်း ပတ္တမြားရတုခန်းမ၌ အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြတင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိသူဇာက လူငယ်ကဏ္ဍဖွံ့ဖြိုးရေးအတွက် လူငယ်မျိုးဆက်နှင့် နည်းပညာအကြောင်းအရာနှင့် မျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေးအကြောင်းအရာများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်သီသီအေးက အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးအား အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်ပညာပေးနံရံကပ် စာစောင်များအား ခင်းကျင်းပြသထားရာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)