လှည်းကူးမြို့နယ်၌ စာသင်ကျောင်းအခြေပြုမီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း ဆောင်ရွက်

လှည်းကူး ဖေဖော်ဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ ကျောင်သား၊ ကျောင်းသူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး၊ မီးလောင်မှုများ ဖြစ်ပွားပါက လျင်မြန်ထိရောက်စွာ မီးငြှိမ်းသတ်နိုင်ရေးနှင့်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းကစာသင်ကျောင်းအခြေပြုမီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းကို အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး)တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဦးစွာအသိပညာပေးဟောပြောရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးယုလွင်က မီးလောင်မှုဖြစ်ပွားရသည့် အခြေခံအချက်များ၊ မီးလောင်မှုအမျိုးအစားများ၊ မီးအတန်းအစားများနှင့်မီးငြှိမ်းသတ်နည်းများကို အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် လှည်းကူးမြို့နယ် မီးသတ်ဦးစီးမှူးဦးယုလွင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက အ.ထ.က(လှည်းကူး)ကျောင်းရှိ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်းစနစ်များကို လက်တွေ့ငြှိမ်းသတ်ပြသခဲ့ကြကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)