မြစ်သားမြို့နယ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး အဆောက်အဦစာရင်း မှတ်တမ်းတင်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မြစ်သား ဖေဖော်ဝါရီ ၂

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းတစ်ရပ်ဖြစ်သည့် အဆောက်အဦ စာရင်းတင်ခြင်း လုပ်ငန်းများကို ယနေ့ နံနက် (၁၀) နာရီ အချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့  ကွင်းဆင်းဆောင်ရွက်ရာတွင်   လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဦးထွန်းနိုင်ဦး ဦးဆောင်သည့် ဝန်ထမ်းများက ဘူတာရပ်ကွက်သို့ သွားရောက်ကာ လူဦးရေနှင့် အိမ်အကြောင်းအရာ  သန်းခေါင်စာရင်းကောက်ယူခြင်း၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းအဖြစ် GIS နည်းပညာဖြင့် Mobile Tablet ကို အသုံးပြုပြီး အဆောက်အဦစာရင်း မှတ်တမ်းတင်ခြင်း လုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန  မြို့နယ်ဦးစီးမှူးရုံးမှ   မြို့နယ်ဦးစီးမှူး  ဦးအောင်ကျော်မိုးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကြည့်ရှုအားပေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားကာ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင်  လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းတစ်ရပ်ဖြစ်သော အဆောက်အဦစာရင်း မှတ်တမ်းတင်ခြင်း လုပ်ငန်းများကို ဇန်နဝါရီ (၂၂) ရက်နေ့မှစ၍ မတ်လကုန်အထိ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ  သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)