ချောင်းဆုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

ချောင်းဆုံ ဖေဖော်ဝါရီ ၂

ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မီးဘေးအန္တရာယ်ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းက(အ.ထ.က)ချောင်းဆုံကျောင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးဦးတင်လင်းဦးနှင့်ဝန်ထမ်းများက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စာသင်ကျောင်းအတွင်း မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန်မီးငြှိမ်းသတ်ရေးပစ္စည်းများ၊ မီးချိတ်၊ မီးကတ်များ၊ ရေပုံးများ၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးများဆောင်ရွက်ထားရှိမှုအခြေအနေ၊ အရေးပေါ်မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ရေလုံလောက်စွာရရှိနိုင်ရေး ရေသိုလှောင်ကန်များထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းအုပ်ကြီးနှင့်တာဝန်ခံများအား မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာ ဆောင်ရွက်ရန်မှာကြားခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် မီးလောင်မီးလန့်မှုမဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်ခြင်းမှ ကင်းဝေးပြီးအသက်အိုးအိမ်ပစ္စည်းဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် မြို့နယ်အတွင်းရှိစက်ရုံ၊ အလုပ်ရုံ၊ စက်သုံးဆီအရောင်းဆိုင်၊ ဈေးဆိုင်များနှင့်နေအိမ်များတွင် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်း၊ အသိပညာပေးခြင်းလုပ်ငန်း၊ လိုက်လံနှိုးဆော်ခြင်းလုပ်ငန်းကို တစ်အိမ်တက်ဆင်းဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)