ဒဂုံအရှေ့ ဖေဖော်ဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ဒဂုံတက္ကသိုလ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒဂုံတက္ကသိုလ် ကြက်ခြေနီအသင်းခွဲနှင့် အမျိုးသားသွေးလှူဌာနတို့ပူးပေါင်း၍ (၁၆) ကြိမ်မြောက် သွေးလှူဒါန်းပွဲအခမ်းအနားကို ဒဂုံတက္ကသိုလ် ကြက်ခြေနီအသင်းခွဲတည်ရှိရာ ဥပဒေပညာဌာနတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသာထွန်းမောင်က သွေးလှူဒါန်းပွဲတွင် ပါဝင်ကူညီကြသူများအား အထူးကျေးဇူးတင်ရှိကြောင်းနှင့် အထူးပြုဘာသာရပ်အသီးသီးတို့မှ သွေးလှူဒါန်းကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများကို ကျေးဇူးတင်ဝမ်းမြောက်ကြောင်း နူတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကပ်မှုကော်မတီက ဒဂုံတက္ကသိုလ်ကြက်ခြေနီ အသင်းခွဲသို့ အလှူငွေများပေးအပ်ခဲ့သည်။
အဆိုပါသွေးလှူဒါန်းပွဲအခမ်းအနားသို့ အဖွဲ့အစည်းအသီးသီးတို့မှ တာဝန်ရှိသူများ၊ ဒဂုံတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဒဂုံတက္ကသိုလ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ ဆရာ၊ ဆရာမနှင့် ကျောင်းသားကျောင်းသူ ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇွဲမင်းထက်(ပြန်/ဆက်)