တောင်ကြီး အောက်တိုဘာ ၃၀
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှင့် အထက် သက်ကြီးရွယ်အိုများနှင့် ရွေးကောက်ပွဲနေ့တွင် တာဝန် ထမ်းဆောင်ကြမည့်သူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့ နံနက်ပိုင်း က တောင်ကြီးမြို့၊သစ်တောရပ်ကွက်၊ ကြိုတင်ဆန္ဒမဲ ပေးရုံ၌ ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်တစ်ခုလုံးတွင် ကြိုတင်ဆန္ဒမဲပေးမည့်သူ ဦးရေ (၅)သောင်းကျော်ရှိကြောင်း တောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ယခုအချိန်က ကိုဗစ်- ၁၉ ရောဂါကာလဖြစ်နေတာကြောင့် ကြိုတင်ဆန္ဒမဲလာပေးမဲ့ မဲဆန္ဒရှင်များ အဆင်ပြေအောင်မဲပေးနိုင်ရေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်ညွှန်ကြားချက်နှင့် အညီ စနစ်တကျ ဆောင်ရွက်ပေးထားကြောင်း၊ ကြိုတင်မဲပေးသည့်အခါ မသမာမှုလေးတွေ မဖြစ်စေရန် CCTV ကင်မရာ(၁၁)လုံး တပ်ဆင်ထားပေးကြောင်း၊ နေရာတိုင်းရှုထောင့်တိုင်းကနေ လုံခြုံရေးစနစ်ကို အဝေးကနေ လှမ်းပြီးထိန်းချုပ်နိုင်အောင် ဆောင်ရွက်ပေးထားကြောင်း၊ တောင်ကြီးမြို့၊ သစ်တော ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပြောကြားသည်။
ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်ပတ်သက်ပြီး ဆေးရုံတက်ရောက်နေသူများ၊ အချုပ်ခံနေရသူများ နှင့် ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်ရန်အတွက် ကြိုတင်ဆန္ဒမဲပေးရန် အမှန်တစ်ကယ်လိုအပ်သူများ အပြင်အသက်(၆၀)နှစ်နှင့်အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများတို့က သက်ဆိုင်ရာရပ်ကွက်၊ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှာ ကြိုတင်ဆန္ဒမဲပေးရမှာဖြစ်ပြီးသက်ဆိုင်ရာမဲရုံသို့ ကြိုတင်မဲ အနေနှင့် လာရောက်မဲမပေးနိုင်သည့် မဲဆန္ဒရှင်များကို ကော်မရှင်အဖွဲ့ခွဲ(၂)ဦးနှင့် သက်ဆိုင်ရာ နယ်မြေ မှူးများ က အိမ်တိုင်ရာရောက်ယူသည့်စနစ်နှင့်လည်း စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
တောင်ကြီးမြို့နယ်အတွင်း နိုင်ငံရေးပါတီ(၂၁)ခု၊ တစ်သီးပုဂ္ဂလ(၆)ခု၊ လွှတ်တော်ကိုယ်စားလှယ် လောင်း(၇၆)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ထားကြောင်းနှင့် ကြိုတင်မဲများကို အောက်တိုဘာလ(၂၉)ရက် မှ နိုဝင်ဘာလ(၅)ရက်နေ့အထိ နေ့စဉ်နံနက်(၈)နာရီမှညနေ့(၆)နာရီအထိ ဆန္ဒမဲပေးနိုင်ရန်သတ်မှတ် စီစဉ်ထား ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)