ထန်းတပင်မြို့နယ်၌ စာသင်ကျောင်းအခြေပြု မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး

ထန်းတပင်(ရန်ကုန်) ဖေဖော်ဝါရီ ၂

ကျောင်သား၊ ကျောင်းသူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး၊ မီးလောင်မှုများ ဖြစ်ပွားပါက လျင်မြန်ထိရောက်စွာ မီးငြှိမ်းသတ်နိုင်ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက စာသင်ကျောင်းအခြေပြု မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကျောင်းကုန်းကျေးရွာ အ.လ.က(ခွဲ)ကျောင်းနှင့် ရိုးခွကျေးရွာ အ.ထ.က(ခွဲ) ကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ အသိပညာပေးဟောပြောရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းအောင်နှင့် ဒုတိယမီးသတ်ဦးစီးမှူး ဦးမျိုးနိုင်ဦးတို့က မီးလောင်မှုဖြစ်ပွားရသည့် အခြေခံအချက်များ၊ မီးလောင်မှုအမျိုးအစားများ၊ မီးအတန်းအစားများနှင့် မီးငြှိမ်းသတ်နည်း များကို အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းကုန်းကျေးရွာ အ.လ.က(ခွဲ)ကျောင်းနှင့် ရိုးခွကျေးရွာ အ.ထ.က(ခွဲ)ကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။

ထို့နောက် ထန်းတပင်မြို့နယ် မီးသတ်ဦးစီးမှူးဦးမိုးမင်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းကုန်းကျေးရွာ အ.လ.က(ခွဲ)ကျောင်းနှင့် ရိုးခွကျေးရွာ အ.ထ.က(ခွဲ)ကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့ မီးငြှိမ်းသတ်နည်းစနစ်များကို လက်တွေ့ငြှိမ်းသတ်ပြသခဲ့ကြကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)