မုဒုံမြို့နယ်တွင် သဘာဝချည်ဆိုးဆေးနည်းသင်တန်းဖွင့်လှစ်

မုဒုံ ဖေဖော်ဝါရီ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မွန်ပြည်နယ် မုဒုံမြို့ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် ယမန်နေ့က သဘာဝချည်ဆိုးဆေးနည်း သင်တန်းဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းကို သဘာဝဆိုးဆေးနည်းပညာများ ပြန့်ပွားစေရန်၊ လုပ်ငန်းစတင် လုပ်ကိုင်လိုသူများ ကိုယ်ပိုင်လုပ်ငန်းတည်ထောင်နိုင်သည်အထိ လေ့ကျင့်ပျိုးထောင်ပေးရန်၊ အသေးစား စက်မှုလက်မှုလုပ်ငန်းသစ်များဖြစ်ထွန်းကာ ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေတိုးပွားစေရန်ရည်ရွယ်ချက်ဖြင့် သင်တန်းကိုဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မုဒုံမြို့) ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်ဇာခြည်ကျော်ကပြောသည်။

သင်တန်းတွင် သင်တန်းနည်းပြနှစ်ဦးက သရက်၊ တမာ၊ မဟော်ဂနီ၊ သစ်တို၊ ကုက္ကို ခေါက်၊ ကြက်သွန်ခွံ၊ ဗန်ဒါရွက်များ အသုံးပြု၍ သဘာဝချည်ဆိုးဆေးနည်း ပညာရပ်များကို ငါးရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ရာ ကျေးရွာများမှ သင်တန်းသူ (၁၅) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။ 

အောင်မျိုးသူ (ပြန်/ဆက်)