ပုံပါကျင်မြို့တွင် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲများ စတင်ပေး

ပုံပါကျင်     အောက်တိုဘာ       ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များ၊ မဲရုံများတွင် တာဝန် ထမ်းဆောင်ရမည့် မဲရုံအဖွဲ့ဝင်များ ကြိုတင်ဆန္ဒမဲ ပေးလျက်ရှိကြောင်း သိရသည်။

အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များ၊ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံအဖွဲ့ဝင်များ ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး အသီသီးတွင်  ကြိုတင် ဆန္ဒမဲပေးလျက်ရှိပြီး ယမန်နေ့က ပုံပါကျင်မြို့တွင် ကြိုတင်ဆန္ဒမဲ ပေးသူပေါင်း(၁၃၈)ဦး ရှိကြောင်းသိရသည်။

ပုံပါကျင်မြို့တွင် ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ  ၇  ရက်နေ့ အထိ ဆောင်ရွက် သွားမည်ဖြစ်ပြီး အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကိုယ်တိုင်လာရောက် မဲဆန္ဒ ပေးနိုင်သော အခြေနေရှိပါက သွားရောက်၍ ကြိုတင်ဆန္ဒမဲပေးနိုင်ပြီး ကျန်းမာရေး အခြေအနေအရ ကိုယ်တိုင် သွားရောက် ဆန္ဒမဲပေးရန် အခက်အခဲရှိသူများ အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးသို့ သတင်းပေးပို့ပါက နေအိမ်တွင် ဆန္ဒမဲပေးနိုင်ရေးရပ်ကွက်နှင့် ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများက စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

စန္ဒီ(ပြန်/ဆက်)