ပျဉ်းမနား ဖေဖော်ဝါရီ ၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာပေဖတ်ထားသောသူသည် ဘဝခရီးလမ်းတွင် အောင်မြင်မှုရရှိရန် နီးစပ်ကြောင်း၊လူသားအချင်းချင်း ပညာအရည်အချင်းတူသော်လည်း စာပေဖတ်သူကသာ ပို၍အောင်မြင်ကြောင်း၊ စာပေများ ဖတ်ထားပါက မျက်ကန်းမဖြစ်ဘဲ အသစ်အဆန်းများကြားတွင် ရပ်တည်နိုင်မည်ဖြစ်ကြောင်း လူငယ်ရေးရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မျာကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာ နွေဦးကိုကိုက ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ကျောင်းသား/ကျောင်းသူများက ကျပန်းစကားပြောပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများသို့ အသီးသီးပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများ ရရှိခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဆုလက်ဆောင်များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးမှ ပြသထားသည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်များအား အခမ်းအနားသို့ တက်ရောက်လာသည့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)