ရန်ကုန်ဖေဖော်ဝါရီ ၂
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းမြစ်ဦးစီးဌာန၊ သူနာပြုတက္ကသိုလ်(ရန်ကုန်)၊ ဒုတိယနှစ်သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်) ၁/၂၀၂၄ သင်တန်းအမျိုးသားသူနာပြုဝတ်စုံနှင့် သူနာပြုဦးဆောင်း အပ်နှင်းခြင်းအခမ်းနားကို ယနေ့နံနက်ပိုင်းက သူနာပြုတက္ကသိုလ် (ရန်ကုန်) ၌ ပင်မဆောင်၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊ သူနာပြုတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာတင်တင်ကျော်၊ ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ရန်ကုန်မြို့ပေါ်ရှိဆေးရုံအသီးသီးမှ ဆေးရုံအုပ်ကြီးများနှင့် သူနာပြုအုပ်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သူနာပြုနှင့် သားဖွားသင်တန်း ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ သူနာပြု တက္ကသိုလ်-ရန်ကုန်မှ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများနှင့် ဆရာ၊ ဆရာမများ တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းနားပထမပိုင်းအစီစဉ်ရ အခမ်းနားဖွင်းလှစ်ကြောင်းကြေညာပြီး သူနာပြုတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာတင်တင်ကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့်တာဝန်ရှိသူများက သူနာပြုတက္ကသိုလ်(ရန်ကုန်)၊ ဒုတိယနှစ်သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်) ၁/၂၀၂၄ သင်တန်းသား၊ သင်တန်သူများအား အမျိုးသား သူနာပြု ဝတ်စုံနှင့်သူနာပြု ဦးဆောင်းများပေးအပ်ပြီး အခမ်းနားပထမပိုင်းကို ရပ်နားခဲ့သည်။
ဆက်လက်၍ အခမ်းနားဒုတိယပိုင်းကိုကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းက ဂုဏ်ပြုအမှာစကားပြောကြားရာယခု CAP နှင့် COAT ချီးမြှင့်ခြင်းခံရမည့် ကျောင်းသားဦး၊ ကျောင်းသူများအားလုံးဟာ ပထမနှစ်သူနာပြု သိပ္ပံ (ပုံမှန်) သင်တန်းကို တစ်နှစ်တာကာလအတွင်းတွင် သူနာပြုစုမှလက်တွေ့ဆောင်ရွက်တဲ့နေရာမှာ အထောက်အကူပြုမည့် ဘာသာရပ်တွေဖြစ်တဲ့ ဆေးအခြေခံဘာသာရပ်များနဲ့ သူနာပြုအခြေခံဘာသာရပ်တွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားလေ့လာ သင်ယူခဲ့ကြပြီး Semester (၃) ခုလုံးကို ကောင်းမွန်စွာအောင်မြင်ဖြတ်ကျော် နိုင်ခဲ့ကြတယ်လို့ သိရှိရတဲ့ အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ပထမနှစ်သင်တန်းကို အောင်မြင်ပြီး သက်ဆိုင်ရာ သင်ကြားရေးဆေးရုံကြီးများမှာ လူနာများနှင့်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေး ပညာရပ်များကို ပြည်သူလူထုအတွင်း လက်တွေ့ကွင်းဆင်းလေ့လာမှု မပြုလုပ်မီ သူနာပြုသင်တန်းသူ/သား များအတွက် မရှိမဖြစ်လိုအပ်တဲ့ အဆောင်အယောင်ဖြစ်တဲ့ CAP နှင့် COAT ကို ကျက်သရေမင်္ဂလာရှိတဲ့ ယခုလိုအခမ်းအနားနဲ့ သားတို့၊ သမီးတို့ကို ချီးမြှင့်ပေးရတဲ့အတွက်လည်း အထူးပင်ဂုဏ်ယူမိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သူနာပြုတက္ကသိုလ်၊ ရန်ကုန်၊ ဒုတိယနှစ်သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်) (၁/၂၀၂၄) သင်တန်းသူ/ သင်တန်းသားများအား သူနာပြုတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက သူနာပြုဝတ်စုံနှင့် သူနာပြုဦးဆောင်းများ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် သူနာပြုတက္ကသိုလ် (ရန်ကုန်) ဒုတိယနှစ်သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်) (၁/၂၀၂၄) သင်တန်းသူ/ သင်တန်းသားများမှ သူနာပြုသစ္စာအဓိဌာန် ရွတ်ဆိုခြင်း၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်း၏ မူပိုင်ဂုဏ်ပြုတေးသီချင်းဖြစ်သော ဂရုဏာအလင်းသီချင်းကို သီဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးလူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများသူနာပြုတက္ကသိုလ်၊ ရန်ကုန်၊ ဒုတိယနှစ် သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်) (၁/၂၀၂၄) သင်တန်းတွင်ဆုရရှိသည့် သင်တန်းသား၊ သင်တန်း သူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ သူနာပြုတက္ကသိုလ်ရန်ကုန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပေးအပ်ထောက်ပံ့သည့် ငွေကျပ် သိန်း(၅၀)ကို တိုင်းဒေသကြီး လူမှုရေးဝန်ကြီးကပေးအပ်ရာ သူနာပြုတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာတင်တင်ကျော်က လက်ခံရယူခဲ့သည်။
ယင်းနောက် သင်တန်းသူ/သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး၊ သူနာပြုတက္ကသိုလ် (ရန်ကုန်) မှ သင်တန်းသား၊ သင်တန်းသူးများ တေးသီး၊ အကများဖြင့် သီဆိုဧည့်ခံခဲ့ကြပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ အမှတ်တရ ဓာတ်ပုံများရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ကျော်ဆန်းမြင့်