ညောင်ဦး အောက်တိုဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ရေကျပြီး မြေနုကျွန်းပေါ် ချိန် ဇော်မွှားကြက်သွန်စိုက် တောင်သူများ စတင်စိုက်ပျိုးနေကြပြီး ဖြစ်ကြောင်း မြေနုကျွန်း ပေါ်စိုက်ပျိုးသည့် ဇော်မွှားကြက်သွန်(ခေါ်) ဥပြန်စိုက် ကြက်သွန်စိုက်ပျိုးခြင်းများ စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ကြအိုကျေးရွာ မြေနုကျွန်းကြက်သွန် စိုက်တောင်သူ ဦးမင်းဆွေကပြောကြားခဲ့သည်။
ညောင်ဦးမြို့နယ် မြေနုကျွန်းစိုက်ပျိုးသည့် ဇော်မွှားကြက်သွန် စိုက်ပျိုးတောင်သူများသည် ကြက်သွန်များအား သီတင်းကျွတ်လတွင် စတင်စိုက်ပျိုးကြပြီး ကြက်သွန်ပေါ်ချိန် သည်ပြာသိုလတွင်ပေါ်ကြောင်းသိရသည်။ ကြက်သွန်စိုက်ပျိုးချိန် ဇော်မွှားကြက်သွန်တစ် ပိဿာ ၁၆၀၀ကျပ်ပေးရပြီး အမျိုးသားတစ်ဦးလုပ်အားခ တစ်မနက် ၂၅၀၀ကျပ်၊ ကြက်သွန် စိုက်သမတစ်ဦး တစ်မနက် ၁၅၀၀ကျပ်၊ ထွန်စက်ထွန်ယက်ခ တစ်နာရီ ၁၈၀၀၀ကျပ်ပေး ရကြောင်းသိရသည်။ ဇော်မွှားကြက်သွန်(ခေါ်)ဥပြန်စိုက်ကြက်သွန်များသည် ကြက်သွန်မျိုးစေ့အား ဘောင်ဖြင့် ပျိုးထောင်ကာ အခြားအခင်းသို့ ရွေ့မစိုက်ပဲ သုံးလခန့်ပျိုးဘောင်တွင်ထားကြောင်း၊ ပျိုးသက်တမ်းကုန်ချိန် ရရှိလာသည့် ဥသေးများကို ဇော်မွှားပျိုးခေါ် ဥပြန်စိုက်ကြက်သွန်ခေါ်ဆိုကြကြောင်း ကြအိုကျေးရွာ ကြက်သွန်စိုက် တောင်သူ ဦးစိုးဝင်း မှ ရှင်းပြခဲ့သည်။
ကြက်သွန်ပေါ်ချိန်တွင် အနည်းဆုံးဈေး တစ်ပိသာ ၅၀၀ကျပ်ရောင်းချရပြီး ဈေးကောင်းတဲ့နှစ် ၃၀၀၀ ကျပ်ထိ ရောင်းချရကြောင်း မြေနုကျွန်းကြက်သွန်စိုက် တောင်သူ ဦးမင်းဆွေကရှင်းပြ၍သိရသည်။ ဇော်မွှားကြက်သွန်ခေါ်ဥ ပြန်စိုက်သွန်များသည် ဆောင်းကြက်သွန်လောက် တစ်နှစ်ပတ်လုံးအထားမခံပဲ စိုက်ပျိုးစရိတ်နဲနဲနှင့် အမြတ်အစွန်း များကြပြီး ဆောင်းကြက်သွန်ခေါ်လှောင်ကြက်သွန်ကုန်ချိန်ပေါ်သည့်အတွက် ဈေးနှုန်းလည်းရရှိကြောင်း သိရသည်။
မောင်မောင်ထိန် (ကျောက်ပန်းတောင်း)