ပျော်ဘွယ်မြို့နယ်တွင် အ.လ.က(ပိုရွာ)၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

ပျော်ဘွယ် ဖေဖော်ဝါရီ ၂

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်ပြည်ထောင် စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာ အလယ်တန်းကျောင်း(ပိုရွာ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများ၊ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာပေလေ့လာ ဖတ်ရှုရမည့်အကြောင်းအရာများ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာများ အကြောင်းသိကောင်းစရာများ စသည်တို့ကို ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးဟောပြောသည်။

ဟောပြောပွဲပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုငှားရမ်းခဲ့ကြကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)