ညောင်ဦး အောက်တိုဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကျောက်ကူးမြစ်ရေတင်ဖြင့် မိုးသီးနှံရေ ပေးဝေမှုနှင့်ရေပေးမြောင်းများ စစ်ဆေးခြင်းကို ယနေ့ နံနက် ၉နာရီ ခွဲအချိန်က ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးရုံး မှဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြင့်ခိုင်လာရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ကျောက်ကူးမြစ်ရေတင်ဖြင့် မိုးစပါးနှင့် အခြားသီးနှံရေပေးဝေမှု၊ စက်မှုလျှပ်စစ်လုပ်ငန်းများနှင့် ရေပေးမြောင်းများ ပြုပြင်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး ခြင်းနှင့် ၂၀၂၀ပြည့်နှစ် မိုးသီးနှံအောင်မြင်စွာ ရေပေးနိုင်ရေး၊ ရေအလေအလွင့်နည်းပါးရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးတို့ကိုမှာကြား စစ်ဆေးခဲ့ကြောင်း ကျောက်ကူး လျှပ်စစ်မြစ်ရေတင် တာဝန်ခံ၊ ဦးလှမင်းထက် (ဦးစီးအရာရှိ)ကပြောသည်။ ကျောက်ကူးမြစ်ရေတင် လုပ်ငန်းမှ မိုးစပါး ၁၄၇ဧက၊ အခြားသီးနှံ ၆၇ဧကစိုက်ပျိုးထားရှိကာ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းမှု ကောင်းနေကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ကျောက်ကူး လျှပ်စစ်မြစ်ရေတင်ဖြင့်မိုးစပါးစိုက်ပျိုးရန် ဇူလိုင်လ တွင် ပျိုးစတင် ပျိုးထောင်ခဲ့ ကြောင်း ဩဂုတ်လဆန်းပိုင်းကစတင်၍ ပျိုးပင်များလယ်ကွင်း အတွင်းရွေ့ပြောင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။ ကျောက်ကူးလျှပ်စစ်မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် စပါးမျိုးမှာ ဧရာမင်းစပါးတစ်မျိုးထဲသာ တောင်သူများ စိုက်ပျိုးကြပြီး ပျိုးထောင်ရက် ၂၁ရက်အကြာတွင် စိုက်ပျိုးမည့် လယ်မြေအတွင်း ရွေ့ပြောင်းစိုက်ရကြောင်း စပါးတစ် သီးရင့်မှည့်ချိန်ထိ ငါးလကြာမြင့်ကြောင်း မိုးစပါးစိုက်တောင်သူများကပြောရှင်းပြ၍သိရသည်။ မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် မိုးစပါးစိုက်တောင်သူများ စပါးသီးနှံရိတ်သိမ်းပြီးချိန် အထိ တစ်ဧကစိုက်ပျိုးရေသွင်း စရိတ် ၆၀၀၀ကျပ်ပေးသွင်းရပြီး၊နွေစပါးစိုက်ပျိုးချိန်တွင် စပါးတစ်သီးစာ ၉၀၀၀ကျပ်ပေးရကြောင်း ၊အခြားသီးနှံအတွက် ၃၀၀၀ကျပ်ပေးသွင်းရ ကြောင်းသိရသည်။ မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် စပါးများအထွက် နှုန်းပုံမှန် ကောင်းမွန်ပြီး ရေပေးသွင်းခလည်းတန်လွန်းကြောင်း၊ မိုးစပါးဆိုသော်လည်း ညောင်ဦးဒေသတွင်တစ် နှစ်ပတ်လုံးမှ မိုးရေချိန် ၂၀လက်မအောက်သာရွာသွန်းခြင်းကြောင့် စပါးအောင်ရေအထိ မြစ်ရေတင်ရေသွင်းရ ကြောင်း တစ်ဧကသွင်းဈေးလည်းတန်လွန်းကြောင်း မိုးစပါးစိုက် တောင်သူများကရှင်းပြသည်။ မိုးစပါးစိုက်ပျိုးရာ တွင် စပါးတစ်ဧက ကောက်စိုက်သမစိုက် ပျိုးခ (၅၅၀၀၀)ကျပ်ဖြင့်စိုက် ဧကပြတ်စိုက်ပျိုးလာကြကြောင်း မိုးစပါးစိုက်တောင်သူ ဦးမြင့်လွင်ကပြောကြားကာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊မန္တလေး တိုင်းဒေသကြီးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြင့်ခိုင် လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD