နောင်တရား ဖေဖော်ဝါရီ ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု တီကျစ်ကျောက်မီးသွေးဓါတ်အားပေးစက်ရုံအနီးပတ်ဝန်းကျင် ကျေးရွာများ ဒေသဖွံ့ဖြိုးအတွက် လူမူအကျိုးစီးပွားတာဝန်ယူမှု (CSR) လုပ်ငန်းအဖြစ် ဆောင်ရွက်နေသည့်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးသည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း လူမူအကျိုးစီးပွားတာဝန်ယူမှု (CSR) လုပ်ငန်းအဖြစ် ဆောင်ရွက်နေသည့် ပင်လောင်းမြို့နယ် ဘန့်ပြင်ကျေးရွာအုပ်စု နောင်မူကျေးရွာ၌ ဝန်ထမ်းအိမ်ရာ အုတ်စီတက်ခြင်း၊ ကံ့ကော်ပင်ကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ ပင်စိမ်းစုကျေးရွာ၌ ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်း၊ ထီရီးကျေးရွာ၌ ဂါလံ (၅၀၀၀) ဆံ့ရေလှောင်ကန် တည်ဆောက်ခြင်း၊ ဘန့်ပြင်ကျေးရွာ၌ ဝန်ထမ်းအိမ်ရာ အုတ်တံတိုင်းကာခြင်း၊ နောင်လင်ကျေးရွာ၌ အဝီစိရေတွင်းတူးဖော်ခြင်း၊ နောင်ကာမှီး (ရှေ့) ရွာ၌ အဝီစိရေတွင်း တူးဖော်ခြင်း၊ နောင်ကာမှီး(နောက်)ရွာ၌ စာသင်ကျောင်းသွားလမ်း ကွန်ကရစ်ခင်းခြင်း၊ လွယ်မောကျေးရွာအုပ်စု မင်းရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ တရုတ်တောင်ကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ နောင်လျော့ကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ မြင်းတွင်းကျေးရွာအုပ်စု ဘုရားငါးဆူကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ မြင်းတွင်း (ရှေ့) ရွာ၌ ကျောက်ချောလမ်းမှ ကွန်ကရစ်လမ်းတိုးမြင့်ဆောင်ရွက်ခြင်း၊ မြင်းရွာ(နောက်) ရွာ၌ကျေးရွာတွင်း ကျောက်ချောလမ်းခင်းခြင်း၊ တောင်ခြေကျေးရွာ၌ ကျေးရွာဘုံအဆောက်အဦးဆောက်လုပ်ခြင်း၊ ပတ်တလယ်(တောင်)ရွာ၌ ကျေးရွာဘုံ ထမင်းဝိုင်းစာပွဲခုံရှည် ဝယ်ယူခြင်း၊ ပတ်တလယ်(မြောက်)ရွာ၌ ကျေးရွာဘုံအဆောင်အဦးဆောက်လုပ်ခြင်း၊ လုံးပျဉ်ကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း တို့ကိုဆောင်ရွက်ခဲ့ပြီး CSR ရန်ပုံငွေမှ ကျပ်(၇၈၄)သိန်းကျော်နှင့် ကျေးရွာများမှ ထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအယ်လ်အောင်ဒင်မိုင်၊ နောင်တရားမြို့ စည်ပင်သာယာရေးဌာနမှ မြို့ဦးစီးမှူး ဦးသိန်းဦးနှင့် ကျေးရွာကော်မတီအဖွဲ့ဝင်များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့သည်။
တီကျစ်ကျောက်မီးသွေးဓါတ်အားပေးစက်ရုံအနီးပတ်ဝန်းကျင် ကျေးရွာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် လူမူအကျိုးစီးပွားတာဝန်ယူမှု (CSR) လုပ်ငန်းအဖြစ် တီကျစ်ကျေးရွာအုပ်စု၊ မြင်းတွင်းကျေးရွာအုပ်စု၊ လွယ်မောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာအုပ်စုနှင့် ဘန့်ပြင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာစုစုပေါင်း (၄၄) ရွာအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)