မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်

ညောင်ဦး ဖေဖော်ဝါရီ  ၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများ လျော့နည်းကျဆင်းရေးနှင့် မီးခိုးမြူငွေ့ ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းစဥ်များအတွက် မီးသတ်ဦးစီးဌာနအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းစဥ်များအတွက် ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သည်နှင့်အညီ ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများ လျော့နည်းကျဆင်းရေးအတွက် ရပ်ကွက်/ကျေးရွာများအတွင်းရှိ စက်ရုံ/အလုပ်ရုံများ၊ ဟိုတယ်/မိုတယ်/တည်းခိုခန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စျေးများ၊ ဌာနဆိုင်ရာရုံးများနှင့် အခြားမီးဘေး စိုးရိမ်ရသော လုပ်ငန်းများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးအကြံပြုခြင်း၊ အသိပညာပေး ဟောပြောပို့ချခြင်း၊ လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းရပ်များအား မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၏ လမ်းညွှန်ချက်နှင့်အညီ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ ၂.၂.၂၀၂၄ ရက်နေ့တွင်လည်း ညောင်ဦးမြို့နယ်အတွင်းရှိ မြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးရဲမင်းထွန်းဦးဆောင်၍ ညောင်ဦး - မြင်းခြံလမ်းတစ်လျှောက်ရှိ စက်သုံးဆီ အရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် Top Energency စက်သုံးဆီ အရောင်းဆိုင်နှင့် BOC စက်သုံးဆီ အရောင်းဆိုင်တို့တွင် မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းကိရိယာများ ဖြည့်တင်းထားရှိမှု/ ဆောင်ရွက်ထားရှိမှု အခြေအနေများအား စစ်ဆေးအကြံပြုခြင်း၊ လိုအပ်သည်များ ဖြည့်စွက်မှာကြားခြင်းနှင့် အသိပညာပေး ဟောပြောပို့ချခြင်း၊ လက်တွေ့မီးငြှိမ်းသတ်တတ်စေရန်အတွက် မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းတို့အား စက်သုံးဆီဆိုင်ဝန်ထမ်းများနှင့်အတူ ပူးပေါင်းလေ့ကျင့် ဆောင်ရွက်ပေးခဲ့ကြသည်။

  အလားတူ ညောင်ဦးမြို့နယ် ကြီးကြပ်မှုလက်အောက်ရှိ ပုဂံနယ်မြေမီးသတ်စခန်းတာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမောင်မောင်သိန်းဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး၊ ငါ့သရောက်နယ်မြေစခန်းတာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသန်းလှိုင်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး၊ တောင်ဇင်းနယ်မြေစခန်းတာဝန်ခံ မီးသတ်တပ်ကြပ်ကြီးသိန်းကျော် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးနှင့် စဉ့်ကူးနယ်မြေစခန်းတာဝန်ခံ တပ်ကြပ်ကြီး နေလင်းထွန်းဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် ၄ ဦးတို့သည်လည်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်မင်းသူ၏ လမ်းညွှန်ချက်နှင့်အညီ မိမိတို့နယ်မြေပိုင်ဒေသများအတွင်းရှိ ရပ်ကွက်/ကျေးရွာများအတွင်းရှိ လူနေအိမ်များတွင် ဖြည့်တင်းထားရှိသော မီးဘေးကြိုတင် ကာကွယ်ရေးပစ္စည်းများ အသင့်အနေထား ရှိ/မရှိနှင့် စွမ်းအားပြည့် အသုံးပြုနိုင်စွမ်း ရှိ/မရှိ လှည့်လည်စစ်ဆေးခြင်း၊ လျှပ်စစ်မီးသုံးစွဲမှုနှင့် ပတ်သက်၍ ဝါယာကြိုးသွယ်တန်းမှုများ ကောင်းမွန်မှု ရှိ/မရှိနှင့် ယာယီမီးကြိုးများ သွယ်တန်းမှု ရှိ/မရှိလှည့်လည်စစ်ဆေး အကြံပြုခြင်း၊ မီးငြှိမ်းသတ်ရေးလုပ်ငန်းအတွက် ရေသိုလှောင်ထားရှိမှုအခြေအနေများ၊ မီးသတ်ယာဥ် ဝင်/ထွက်လမ်းများ ကောင်းမွန်မှု ရှိ/မရှိ၊ ရပ်ကွက်/ကျေးရွာများအတွင်းရှိ မီးသတ်ရေလှောင်ကန်များ ရေဖြည့်တင်းထားရှိမှုအခြေအနေတို့အား မြို့နယ်/နယ်မြေများ အလိုက် တစ်အိမ်တက်ဆင်း လှည့်လည်စစ်ဆေး အကြံပြုဆောင်ရွက်ခဲ့ကြသည်။

ဒီပါလင်း