ပင်းတယ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကျင်းပ

ပင်းတယ ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်များအနက် “စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” စသည့်ဦးတည်ချက်များနှင့်အညီ နိုင်ငံတော်အစိုးရမှ “နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ” ကိုထူထောင်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့များသို့ အရင်းမပျောက်မတည်ရန်ပုံငွေများကို ထောက်ပံ့ပေးအပ်ခဲ့ရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမတည်ထောက်ပံ့ငွေကျပ် (၅) ဘီလီယံအပြင် အရင်းပြန်လည်ပေးဆပ်ငွေများ၊ အတိုးရငွေများဖြင့် ချေးငွေများကို စီစစ်ထုတ်ချေးပေးခဲ့ရာ ယနေ့အထိ စိုက်ပျိုးရေးအစုအဖွဲ့ (၇၂)ဖွဲ့အတွက် (၂ ဒသမ ၂၂) ဘီလီယံ၊ မွေးမြူရေးအစုအဖွဲ့ (၃၉) ဖွဲ့အတွက် (၀ ဒသမ ၈၄) ဘီလီယံနှင့် အခြားကုန်ထုတ်လုပ်မှုအစုအဖွဲ့ (၃၇) ဖွဲ့အတွက် (၃ ဒသမ ၁၅) ဘီလီယံ ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းရယူပြီး ဆောင်ရွက်နေကြတဲ့ အစုအဖွဲ့များ၏ ချေးငွေရယူပြီးချိန်မှစ၍ ဆောင်ရွက်နေတဲ့လုပ်ငန်းများအပေါ် အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးတင်ပြကြရန်ဖြစ်ပြီး လိုအပ်ချက်၊ အခက်အခဲများပေါ်ပေါက်လာပါကဝိုင်းဝန်းအဖြေရှာ သုံးသပ်ဆွေး နွေးတိုင်ပင်ပြီး နိုင်ငံတော်၏ရည်မှန်းချက်များကို အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပင်းတယမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က ပင်းတယမြို့နယ်အတွင်း နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားထုတ်ကုန်များအတွက် ထုတ်ချေးပြီးစီးမှု၊ ပြန်လည်ပေးဆပ်မှုအခြေအနေနှင့် ထပ်မံထုတ်ချေးပေးရန် အဆိုပြုစာရင်းများအား ဆွေးနွေးတင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းရယူပြီး ဆောင်ရွက်နေကြသည့် အစုအဖွဲ့များ၏ ချေးငွေရယူပြီးချိန်မှစ၍ ဆောင်ရွက်နေသောလုပ်ငန်းများအပေါ် အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးတင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲထက်ဦး (ပင်းတယ)