နမ့်စန်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေးလုပ်ငန်းများ တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး

နမ့်စန်(တ) ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မီးဘေးသင့်မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မီးဘေးလုံခြုံရေးကိစ္စရပ်များ ကြိုတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်တွင် အမှတ်(၁)ရပ်ကွက်သို့ ကွင်းဆင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် မီးသတ်ဝန်ထမ်းများက နံနက်(၉)နာရီမှစတင်၍ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်တင်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ အမှတ်(၁)ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ တစ်အိမ်တက်ဆင်းကွင်းဆင်း၍ မီးလောင်မှုဖြစ်ပွားနိုင်သည့် အကြောင်းအရင်းများ၊ မီးလောင်မှုဖြစ်ပွားလာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများကို အသိပညာပေးပြောကြားခဲ့ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စစ်ဆေး၍လိုအပ်သည်များအကြံပြု လမ်းညွှန်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့ပေါ်ရပ်ကွက်များသို့ နေ့စဉ်ကွင်းဆင်း၍ မီးဘေးအန္တရာယ် အတွက် ရေသိုလှောင်ထားရှိမှု၊ မီးချိတ်၊ မီးကတ်၊ သဲ၊ ရေပုံးများ ဆောင်ရွက်ထားရှိရေး၊ လျှပ်စစ်ဝါယာကြိုးများ စနစ်တကျသုံးစွဲရေးနှင့် ချက်ပြုတ်သည့်နေရာများတွင် မီးဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေး စသည့် မီးဘေးလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)